နေပြည်တော် မတ် ၁၈

 

ဝန်ထမ်းစည်းမျဉ်း၊ ဘဏ္ဍာရေး စည်းမျဉ်းဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ခြင်း သင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန ပြည်သူ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်း ကျောင်း၌ကျင်းပရာ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါ်သန်းသန်းလင်းနှင့် ဦးဟန်ဝင်းအောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက သင်တန်းသား သင်တန်းသူများအနေဖြင့် ယခု သင်တန်းတွင် လေ့လာခဲ့ရသော ဝန်ထမ်းစည်းမျဉ်း၊ ဘဏ္ဍာရေး စည်းမျဉ်းဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ဆက်နွှယ်နေသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ညွှန်ကြားချက်များကို လက်တွေ့ လုပ်ငန်းနယ်ပယ်တွင် အသုံးချ အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံ၏အကန့်အသတ်နှင့် တည်ရှိနေသော အရင်းအမြစ်များကို လိုအပ်နေသည့် လူမှုရေးနှင့် စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးစေရေးအတွက် ဦးစားပေး ခွဲဝေလျာထားပေးခြင်းအပြင် ခွဲဝေပေးသော အသုံးစရိတ်များကို ထိရောက်အကျိုးရှိစွာ သုံးစွဲရေး၊ ရငွေများကိုလည်း မျှော်မှန်းထားသည့် လျာထားချက်များအတိုင်း ရရှိအောင် ကြီးကြပ် ကောက်ခံနိုင်ရေးကို ထိန်းညှိ ဆောင်ရွက်ပေးရသည့် ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနရှိ ဝန်ထမ်းများအနေဖြင့် လုပ်ငန်း စွမ်းဆောင်ရည် ပြည့်ဝနေရန် လိုအပ်ကြောင်း၊ ယခုသင်တန်းမှရရှိသော အသိပညာ ဗဟုသုတများကိုအသုံးချပြီး ပေးအပ်သည့် လုပ်ငန်းတာဝန်များကို အရည်အသွေးပြည့်ဝစွာဖြင့် အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ကြခြင်းဖြင့် မိမိတို့၏စွမ်းရည်များကို မြင့်သည်ထက်မြင့်အောင် အစဉ်မြှင့်တင်ကြရန် ဖြစ်ကြောင်း၊ သင်တန်းတွင် သင်ယူလေ့လာခဲ့ရသော ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု နည်းလမ်းများကို လုပ်ငန်းခွင်တွင် ထိရောက်စွာအသုံးချ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်နှင့် ပြည်သူတို့၏အကျိုးကို တတ်စွမ်းသမျှ ဖြည့်ဆည်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားပြီး သင်တန်းတွင် ထူးချွန်သူများအား ဂုဏ်ပြုဆုများနှင့် သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။

 

ဝန်ထမ်းစည်းမျဉ်း၊ ဘဏ္ဍာရေး စည်းမျဉ်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းသို့ ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနမှ အရာထမ်း ၄၃ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တငါးပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်