ဟားခါး ၂၃ အောက်တိုဘာ
ဟားခါးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနတို့ ပူးပေါင်း၍ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး အခြေခံကွန်ပျူတာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၂၂ ရက် ၁၀ နာရီက ဟားခါးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးမြင့်ဉီးက ဝန်ထမ်းများအနေဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ရသည့်အတွက် အရည်အသွေးပြည့်မီစေရန်နှင့် ရုံးလုပ်ငန်းများတွင် စွမ်းစောင်ရည် မြင့်မားရေးရည်ရွယ်၍ အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများကလည်း သင်ကြားသည့်ဘာသာရပ်အလိုက် ကြိုးစားသွားကြရန်နှင့် မြို့နယ်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန ဝန်ထမ်းများအား အခြေခံကွန်ပျူတာသင်တန်းများ ဆက်လက်သင်ကြားပေးသွားမည်ဖြစ်ကြောင်း အမှာစကားပြောကြားပြီးနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာန ဟားခါးခရိုင်ဉီးစီးအရာရှိ ဉီးမြင့်နိုင်စိုးက လူထုအခြေပြုဗဟိုဌာနတွင် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ရခြင်းများနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် Microsoft Word ၊ Microsoft Power Point ၊ Micorsoft Excel ၊ Microsoft Publisher ၊ Adobe Photoshop စသည့် ဘာသာရပ်များ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ ဟားခါးမြို့နယ်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ စာရေးဝန်ထမ်း (၁၀)ဉီး၊ အခြားဌာနဆိုင်ရာများမှ (၁၀)ဉီး တက်ရောက်ခဲ့ကြကာ သင်တန်းကာလမှာ အောက်တိုဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၅ ရက်အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကျော်စွာ(ပြန်/ဆက်)


