နေပြည်တော် ဩဂုတ် ၁၇

ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅) ရပ်၊ ဦးတည်ချက်(၉)ရပ်နှင့်အညီ တိုင်းပြည်သာယာဝပြောရေး၊ အေးချမ်းတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကို အထောက်အကူပြုစေရန် တိုင်းရင်းသားနှင့် နိုင်ငံ့ဝန်ထမ်းကောင်းများ ပီပီကျရာကဏ္ဍမှ အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန၏ လုပ်ငန်းရည်မှန်းချက်မှာ  သတ်မှတ်ပြဋ္ဌာန်းထားရှိသော ဥပဒေနှင့်အညီ တိုင်းရင်းသားများ၏ စာပေနှင့် ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ တိုင်းရင်းသားရေးရာများကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ခြင်းနှင့် စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာစေပြီး တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝမြင့်မားတိုးတက်စေရန် ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ပြဋ္ဌာန်းထားရှိသည့် ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းများ လိုက်နာရမည့် ကျင့်ဝတ်နှင့် နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန် တို့ကို စောင့်ထိန်းလိုက်နာရန်နှင့် ပါတီနိုင်ငံရေးကင်းရှင်းရန် လိုအပ်ကြောင်း၊ ဝန်ထမ်းရေးရာနှင့် ဌာနလုပ်ငန်းများ၊ အခက်အခဲနှင့် စိန်ခေါ်မှုများနှင့်ပတ်သက်၍  ပွင့်လင်းစွာ တင်ပြကြစေကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးဦးဇော်အေးမောင်က မြန်မာ့ပထဝီနိုင်ငံရေး၊ ကမ္ဘာ့ပထဝီနိုင်ငံရေး နှင့်မြန်မာနိုင်ငံကြုံတွေ့ခဲ့ရသည့် သမိုင်းကြောင်းများကို ရှင်းလင်းဆွေးနွေးပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးအတွက် အစိုးရ၊  ဝန်ထမ်း၊ ပြည်သူများအားလုံး ညီညွတ်စွာ အတူတကွ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးရုံး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများက အခက်အခဲများ၊ လိုအပ်ချက်များကို တင်ပြကြရာ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက ရှင်းလင်းဖြေကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ပေါင်းစပ်ညှိနှိုင်းပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန် ရှိသူများသည် အရာထမ်း၊ အမှုထမ်းများနှင့် နေ့လယ်စာအတူတကွ သုံးဆောင်ကြသည်။

သတင်းစဉ်