နေပြည်တော် ဩဂုတ် ၂၉
ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ၏ (၁/၂၀၂၃) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၄)အစည်းအဝေးခန်းမ၌ ကျင်းပရာ ကော်မတီဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း နှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေသည် ရေရှည် ဆောင်ရွက်သွားရမည့်ကိစ္စဖြစ်ကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲသော ပင်စင်စနစ် ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပြီး ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေစနစ် အကောင်အထည်ဖော်ရေးကို ကော်မတီအနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ယခုအချိန်အထိ ဆောင်ရွက်ထားရှိမှုများအပေါ်အခြေခံ၍ ဆက်လက်ဆောင်ရွက်ရန်ကိစ္စများ၊ ကြိုတင်ပြင်ဆင် ဆောင်ရွက်သင့်သည်များ၊ ရန်ပုံငွေစနစ်ကျင့်သုံးမည့်ပုံစံနှင့် လိုက်လျောညီထွေဖြစ်မည့် ဥပဒေ ကြမ်းဖြစ်ရေးတို့နှင့်စပ်လျဉ်း၍ ဆောင်ရွက်သင့်သည်များကို ဆက်လက်ညှိနှိုင်းဆွေးနွေးကြရန် ပြောကြားသည်။
ထို့နောက် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေအကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး၊ ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင် အထည်ဖော်ရေးဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့်အခြေအနေတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ကော်မတီဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး ကော်မတီဥက္ကဋ္ဌက သုံးသပ် ဆွေးနွေး၍ နိဂုံးချုပ်အမှာစကားပြောကြားသည်။
ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ် မတ် (၂၄) ရက်စွဲပါ အမိန့်ကြော် ငြာစာအမှတ်၊ ၇၁/၂၀၂၁ ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ သက်ဆိုင်ရာဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးချုပ်များပါဝင်ကာ နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်ခံစားခွင့် များနှင့်စပ်လျဉ်း၍ ရေရှည်တည်တံ့ခိုင်မြဲပြီး အားကိုးအားထားပြုနိုင်သည့် ပင်စင်ရန်ပုံငွေစနစ် တစ်ရပ်ကိုထူထောင်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိ၍ ဥပဒေကြမ်းကို ပိုမိုပြည့်စုံစေရန် စိစစ်ဆောင်ရွက်လျက်ရှိပြီး ဥပဒေကြမ်းပြဋ္ဌာန်းပြီးပါက အကောင်အထည်ဖော်ရမည့် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေအဖွဲ့၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များကိုလည်း သုံးသပ်ဆွေးနွေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်