နေပြည်တော်၊ ဒီဇင်ဘာ ၁
“ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ” ( ၂ / ၂၀၂၁ ) အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ကော်မတီဝင် အမြဲတမ်းအတွင်းဝန်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက် ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ရေရှည်တည်တံ့ခိုင်မြဲသော အမျိုးသား ပင်စင်စနစ် ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေစနစ် အကောင် အထည်ဖော်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေသည် ရေရှည်ဆောင်ရွက်ရမည့်ကိစ္စဖြစ်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက မိမိတို့ကော်မတီကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပေးပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ ကော်မတီအနေဖြင့် ဆက်လက်ဆောင်ရွက်ရန်ကိစ္စများ၊ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထား သင့်သည့်ကိစ္စများ၊ ဥပဒေကြမ်းနှင့် ပတ်သက်၍ ဆောင်ရွက်သင့်သည့်ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး၊ ပင်စင်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့် က ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီ ဝင်များက အကြံပြုဆွေးနွေးခဲ့ကြသည်။
အကြံပြုဆွေးနွေးချက်များအပေါ် ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က သုံးသပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
(သတင်းစဉ်)