၄ ဇွန်
မြန်မာတို့၏လူမှုဘဝတွင် မစည်ကားအပ်သောနေရာ ငါးခုကိုလူတိုင်းသိကြမည်ဖြစ်သည်။ ထိုနေရာငါးခု စည်ကားနေပါက လက်ငင်းအားဖြင့် သောကပရိဒေဝ၊ ဆင်းရဲဒုက္ခရောက်ကြသူများ များကြမည်ဖြစ်သည်။ ရေရှည်အားဖြင့် တိုင်းပြည်တွင် မလိုလားအပ်သည့် ဝန်ထုပ်ဝန်ပိုးများနေပြီး ဆင်းရဲတွင်းနက်လာပေလိမ့်မည်။ အဆိုပါနေရာ ငါးခုအနက် ရဲစခန်း၊ တရားရုံးနှင့် အချုပ်ထောင်မှာ ကံ ကံ၏အကျိုးအားဖြင့် လည်းကောင်း၊ မိမိတို့ စီမံဖန်တီးမှုကြောင့်လည်းကောင်း ရောက်ကြရပြီး ဆေးရုံနှင့်သုသာန်မှာ ကံ ကံ၏ အကျိုးအားဖြင့်လည်းကောင်း၊ မရှောင်လွှဲနိုင်သော ဘဝဖြစ်စဉ်အရ လည်းကောင်း မလွဲမသွေကြုံတွေ့ကြရသည်။
အထက်ဖော်ပြပါ နေရာငါးခုတွင် စည်ကားမှုလျော့ကျစေရန်အတွက် ကံ ကံ၏ အကျိုးမှလွဲ၍ လူတိုင်းလူတိုင်း အသိတရားဖြင့် သတိထားကာ ဆင်ခြင်နေထိုင်ပြုမူ ဆောင်ရွက်သွားပါလျှင် အတော်တန်သင့် လျော့ကျသွားနိုင်ပေသည်။ ပထမနေရာသုံးခုသို့ ရောက်ရှိမှုလျော့ကျစေရန်အတွက် ကိုယ်ကျင့်တရားများ၊ လောကပါလတရားများကို လက်ကိုင်ထားကာ လောဘ၊ ဒေါသ၊ မောဟတရားများကို ပါးလျားအောင် ဥပဒေနှင့်အညီ လိုက်နာနေထိုင်သင့်သည်။
ဒုတိယနေရာ နှစ်ခုမှာမူ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏဟူသော တရားသဘောအရ လူတိုင်းလူတိုင်း မလွန်ဆန်နိုင်သည် ဖြစ်သော်လည်း လူတိုင်းလူတိုင်းနေ့စဉ်လူမှုဘဝ ရှင်သန်နေထိုင်ရာ၌ မိမိတို့၏နေထိုင်သွားလာမှု၊ မှီဝဲစားသောက်မှု ပုံစံများကို သတိပြုဆင်ခြင်နေထိုင်စားသောက်သွားပါလျှင် ဘေးဘယာနှင့်ရောဂါများမှ ကင်းဝေးစေပြီး ထိုနေရာဌာန နှစ်ခုသို့ရောက်ရှိမှု အတော်တန်သင့် လျော့ကျသွားနိုင်ပေမည်။
လောကတွင် လူတို့အား နှိပ်စက်ဖျက်ဆီးတတ်သော ရန်သူမျိုး ငါးပါးဟူ၍ရှိရာတွင် လူတို့၏မတော်လောဘနှင့် ဆင်ခြင်မှုအား နည်းပါးမှုကြောင့် ရန်သူတစ်ပါးတိုးရမလို ဖြစ်နေသည်။ ယင်းမှာ ကုသရခက်ခဲသော ရောဂါဆန်း၊ ရောဂါဆိုးများဖြစ်ပြီး ထိုရောဂါဖြစ်ပွားပါက ပျောက်ကင်းရာ ပျောက်ကင်းလိုငြား ငွေကုန်ကြေးကျ အမြောက်အမြားခံကာ ကုသရသည့် အထူးကုဆေးရုံများပင်ဖြစ်သည်။ ထိုရောဂါဆိုးများ ဝင်ရောက်ပြီဆိုလျှင် စီးပွားဥစ္စာများကုန်ဆုံးသည့်တိုင် ကုသပါသော်လည်း နောက်ဆုံးတွင်လက်လျှော့လိုက်ရသည်။
ကျွန်ုပ်တို့နိုင်ငံသည် ဒီမိုကရေစီအသွင်သစ်ဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို ရှေးရှုနေသောနိုင်ငံဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုသည်ထိုနိုင်ငံတွင် နေထိုင်ကြသော နိုင်ငံသူ နိုင်ငံသားများ ဘေးဘယာဝေးကွာ၍ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်မှ တန်ကာသင့်ပါမည်။ နိုင်ငံသူနိုင်ငံသားများ မစည်ကားအပ်သော နေရာများသို့ရောက်ရှိမှု လျော့နည်းမှသာ ပူပင်သောကဖြစ်မှု၊ ကိုယ်စိတ်နှစ်ပါးချမ်းမြေ့မှု တိုးတက်ဖြစ်ပေါ်လာကာ မိမိဘဝ၊ မိမိ မိသားစုဘဝ၊ မိမိပတ်ဝန်းကျင်နှင့် မိမိနိုင်ငံတော်အတွက် ပိုမိုတိုးတက်ကောင်းမွန်အောင် ဖန်တီးဖော်ဆောင်ပေးနိုင်မည် ဖြစ်သည်။
ထို့ကြောင့် လူတိုင်းလူတိုင်းဥပဒေကို လေးစားလိုက်နာခြင်း၊ ကိုယ်ကျင့်တရားကောင်းမွန်ခြင်း၊ မေတ္တာတရားထားခြင်း၊ စိတ်ကောင်းနှလုံးကောင်း မွေးမြူခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်သည်။ ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာမှုသည် ဉာဏ်အမြော်အမြင် ပြည့်ဝမှုအပေါ်တွင် မူတည်နေသဖြင့် ရောဂါဘယကင်းရှင်းစွာဖြင့် နေထိုင်နိုင်ရန်အတွက် ကျန်းမာရေးအသိ မြင့်မားစွာရှိဖို့ လိုအပ်ပါသည်။
သို့ဖြစ်ရာ ကျန်းမာရေးအသိ၊ လူ့ကျင့်ဝတ်အသိမြင့်မားပါက ဖော်ပြပါ မစည်ကားအပ်သော နေရာများသို့ လူအများ ရောက်ရှိမှုမှ လျော့ပါးလာပြီး မိမိမိသားစုသာမက နိုင်ငံတော်တွင်လည်း ဝန်ထုပ်ဝန်ပိုးလျော့နည်းကျ ဆင်းလာကာ မလိုလားအပ်သောကုန်ဆုံးမှုများ လျော့နည်းလာမည်ဖြစ်၍ တစ်ဖက်တွင် လူမှုဘဝမြင့်မားတိုးတက်အောင် မြှင့်တင်ပေးနိုင်မည် ဖြစ်ပါကြောင်း။ ။
ကြေးမုံ