ကန့်ဘလူ ၁၂ ဖေဖော်ဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာအုပ်စု တောက္ကရှပ်ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ဝါသီးနှံစိုက်ပျိုးရေးမှသည် ရက်ကန်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ အလုပ်ရုံဆွေးနွေးပွဲကို စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ဖေဖော်ဝါရီလ ပထမပတ်က ကျင်းပခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ဌာနဆိုင်ရာများ၊ တောက္ကရှပ်၊ မင်းကုန်း၊ ကံသာကုန်း၊ မကျီးကုန်းကျေးရွာများမှ ဝါစိုက်ပျိုးသူ တောင်သူများနှင့် ရက်ကန်းလုပ်ငန်း လုပ်ကိုင်ကြသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မောင်းက ဝါသီးနှံအထွက်နှုန်း တိုးတက်မြင့်မားရေးနှင့် နည်းစနစ်များကို တောင်သူများ သိရှိနားလည်စေရန်၊ ဝါစိုက်တောင်သူများနှင့် ရက်ကန်းလုပ်ငန်း လုပ်ကိုင်ကြးသူများ တွေ့ကြုံရသော ပြဿနာများ အခက်အခဲများ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် ယခုလို ကျေးရွာအရောက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဆွေးနွေးပွဲကျင်းပရာ စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်) ဝါသီးနှံဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းနု၊ ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်း၊ မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းထွေး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန မုံရွာမြို့ရက်ကန်းသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သိန်းဌေး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်မိုးနှင့် ပန်ဒါအထည်ချုပ်စက်ရုံမှ အထွေထွေမန်နေဂျာ ဒေါ်တင်တင်ရွှေတို့က ကဏ္ဍအလိုက် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးကြသည်။

 

ထို့နောက် အဖွဲ့သုံးဖွဲ့ခွဲ၍ စားပွဲဝိုင်းဆွေးနွေးပွဲပြုလုပ်ပြီး စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး (အဖွဲ့ ၁)မှ ဆယ်ချက်၊ ဈေးကွက်ဖော်ဆောင်မှု (အဖွဲ့ ၂)မှ ငါးချက်၊ ရက်ကန်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး (အဖွဲ့ ၃)မှ ကိုးချက်တို့ကို စားပွဲဝိုင်းအဖွဲ့လိုက် ဖော်ထုတ်ချက်များအား ရှင်းလင်းတင်ပြကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ပေါင်းစပ်သုံးသပ်ကာ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။

 

အဆိုပါ တောက္ကရှပ်ကျေးရွာအုပ်စုတွင် ရက်ကန်းလုပ်ငန်း လုပ်ကိုင်ကြသူ အများအပြားရှိရာ ရက်ကန်းစင်များအနေဖြင့် စက်ရက်ကန်း ၁၈ လုံးခန့်၊ လက်ရက်ကန်း ၄၅၀/၅၀ဝ ခန့်၊ ပိုးစင်(ရက်ကန်း) ၁၃ စင်ခန့်ရှိကြောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်မောင်းထံမှ သိရသည်။

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)