အေးအေးသန့်(ဝါ/လျှော်)
ဝါဂွမ်းသည် အရည်အသွေးမြင့် သဘာဝချည်မျှင်တစ်မျိုးဖြစ်၍ အထည်အလိပ်လုပ်ငန်းအတွက် အဓိကအရေးပါမှုနှင့်အတူ ဝါစေ့ဆီသည်လည်း လူသုံးကုန်ပစ္စည်းများထုတ်လုပ်ရန် ကုန်ကြမ်းအဖြစ် အသုံးပြုနိုင်သဖြင့် ကမ္ဘာတွင် အရေးကြီးစက်မှုကုန်ကြမ်းသီးနှံအဖြစ် ရပ်တည်လျက်ရှိပါသည်။ စိုက်ပျိုးရေးနှင့် ကုန်သွယ်မှုတန်ဖိုး မြင့်မားသောကြောင့် ကမ္ဘာတွင် ရွှေဖြူအဖြစ် တင်စားကြပါသည်။
ဝါစိုက်နိုင်ငံအသီးသီးသည် ထုတ်လုပ်မှုစွမ်းအား တိုးတက်ရေးအတွက် စိုက်ပျိုးသည်မှ ဝါကောက်သိမ်းသည်အထိ ခေတ်မီစက်ကိရိယာများ အသုံးပြုဆောင်ရွက်လျက်ရှိကြပြီး ကမ္ဘာ့ဝါစိုက် ဧရိယာ၏ သုံးပုံတစ်ပုံသည် စက်ဖြင့်ဝါကောက်သိမ်းခြင်း ဆောင်ရွက်ကြောင်းသိရပါသည်။ ဝါစိုက်နိုင်ငံများအနက် ဘရာဇီး၊ အမေရိကန်၊ ဩစတြေးလျ၊ တူကီယဲ၊ မက္ကဆီကို၊ အစ္စရေး စသည့် နိုင်ငံများတွင် ဝါစိုက်ဧရိယာအားလုံး နီးပါးကိုလည်းကောင်း၊ တရုတ်၊ ဥဇဘက် ကစ္စတန်နိုင်ငံတို့မှ စိုက်ဧရိယာ အများစုကိုလည်းကောင်း စက်ဖြင့်ကောက်သိမ်းနေကြပြီဖြစ်ပါသည်။ အိန္ဒိယ၊ ပါကစ္စတန်၊ တောင်အာဖရိကနိုင်ငံတို့တွင် လူဖြင့်ကောက်သိမ်းခြင်းသာမက ဝါကောက်စက်များကိုလည်း တွဲဖက် အသုံးပြုနေကြ ပြီဖြစ်ပါသည်။
လက်ဖြင့်ကောက်သိမ်းသည့်စနစ်ကိုသာ အသုံးပြု
မြန်မာနိုင်ငံတွင် လက်ရှိအနေဖြင့် လက်ဖြင့် ကောက်သိမ်းသည့် စနစ်ကိုသာ အသုံးပြုကြပါသေးသည်။
ဝါကောက်စက်အသုံးပြု ကောက်သိမ်းမည်ဆိုပါက စိုက်ပျိုးသည့်မျိုးသည် အပင်မြင့်လွန်းခြင်းမရှိဘဲ ကျစ်လျစ်သည့် အပင်ပုံသဏ္ဌာန်ရှိပြီး ပန်းပွင့်ချိန်၊ ဝါပေါက်ကွဲချိန် အများစုညီညာနိုင်သည့် မျိုး၊ သက်တမ်းတိုမျိုးများဖြစ်ရန် လိုအပ်ကာ စိုက်စနစ်မှာလည်း တစ်ဧကအပင်ရေ များများဝင်ဆံ့သော ပင်ကြားစိပ်သည့် စိုက်စနစ် (High Density Population System) ဖြစ်ရန် လိုအပ်ပါသည်။
ဝါကောက်သိမ်းရန် လုပ်သားရှားပါးခြင်းကို ဖြေရှင်းနိုင်ပြီး လုပ်ငန်းဆောင်ရွက်မှု တွင်ကျယ်စေရန် အတွက်နှင့် ရေရှည်တွင် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ပြောင်းလဲအသုံးပြုရာ၌ ဝါသီးနှံကို ဧကကွက်၊ ဟက်တာကွက်အလိုက် တစ်ကွင်းတစ်စပ်တည်း စက်ဖြင့်တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ကောက်သိမ်းနိုင်ရန် လိုအပ်လာမည် ဖြစ်ပါသည်။
လက်ရှိတွင် မြန်မာနိုင်ငံမှ ထုတ်လုပ်ဖြန့်ဖြူးထားသည့် ဝါမျိုးများနှင့် ပြည်ပမှတင်သွင်းသည့် စပ်မျိုးဝါများသည် အပင်ပုံသဏ္ဌာန် ပြန့်ကားခြင်းနှင့် သက်တမ်းအားဖြင့် (၁၆၀-၁၆၅) ရက်အထိရှိပြီး ဝါပေါက်ကွဲမှုကာလ ၄၅ ရက်ခန့်အတွင်း လေးကြိမ်မှ ငါးကြိမ် ကောက်သိမ်းရလေ့ရှိသဖြင့် စက်ဖြင့် ကောက်သိမ်းနိုင်သည့် ဝါမျိုးသစ်များရရှိရန် မျိုးသုတေသနများကို စိုက်ပျိုးရေးဦးစီးဌာန ဝါနှင့် လျှော်မျှင်ထွက် သီးနှံဌာနခွဲက စမ်းသပ်ဆောင်ရွက်လျက်ရှိပါသည်။
သို့ရာတွင် လိုအပ်ချက်နှင့်ကိုက်ညီသည့် မျိုးရရှိရန် အချိန်ယူဆောင်ရွက်ရသဖြင့် လက်ရှိမျိုးများ အပေါ်တွင် အပင်အရွယ်အစား ထိန်းချုပ်ခြင်းနည်းလမ်းများ (Canopy Management) အသုံးပြုပြီး ပန်းပွင့်ချိန်စော၍ ညီညာစေရန်၊ ဝါသီးတင်ရှိမှုကောင်းစေရန်၊ အချိန်တို အတွင်း ဝါပေါက်ကွဲမှု ပြီးမြောက်စေပြီး တစ်ပြိုင်တည်း စက်အသုံးပြုကောက်သိမ်း နိုင်ရန်တို့အတွက် ပျဉ်းမနားမြို့ စိုက်ပျိုး ရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းဝင်း အတွင်း၂၀၂၅ ခုနှစ် မိုးနှောင်းဝါစိုက်ပျိုး ရာသီတွင် ဝါမျိုး ခြောက်မျိုးကို စမ်းသပ်ခဲ့ရာ တစ်ပြိုင်တည်းကောက်ယူနိုင်မည့် အောင်မြင်မှုအနေအထားကို တွေ့ရှိခဲ့ပြီး ဖြစ်ပါသည်။
ဝါသီးနှံစိုက်စနစ်အနေဖြင့် ယခင်က တန်းကြားသုံးပေ၊ ပင်ကြား ၂ ဒသမ ၅ ပေ (သို့) နှစ်ပေ စိုက်ပျိုးခဲ့ရာမှ ယခုစမ်းသပ်မှုတွင် တန်းကြားသုံးပေ၊ ပင်ကြားခြောက်လက်မဖြင့် ပြောင်းလဲပြီး တစ်ဧကလျှင် အပင်ရေ ၂၉၀၄၀ ဝင်ဆံ့ အောင် စိုက်ပျိုးပါသည်။
အပင်အာဟာရများကို အပင်ကြီးထွားမှု အဆင့်အလိုက်အသုံးပြု
အပင်အရွယ်အစားထိန်းချုပ်သည့် နည်းလမ်းများအနေဖြင့် အပင်ကြီးထွားမှု ထိန်းညှိဆေးများ (Plant Growth Regulators ) နှင့် အပင်အာဟာရများကို အပင်ကြီးထွားမှု အဆင့်အလိုက် အသုံးပြုခဲ့ခြင်း ဖြစ်ပါသည်။ ဝါပင်များ အပင်ဟုန်ခြင်းမဖြစ်စေဘဲ သီးပွင့်အင်္ဂါများ အားကောင်းစေရန် နိုက်ထရိုဂျင်၊ ဖော့စဖရပ်နှင့် ပိုတက်ဆီယမ်ဓာတ် မြေဩဇာများကို သတ်မှတ်နှုန်းထားများအတိုင်း အချိုးကျ ထည့်သွင်းစိုက်ပျိုးပြီး အပိန့်စတင်ဝင်သည့် အပင်သက်တမ်း ၃၅ ရက်သားတွင် ဖူးပွင့်ဖြစ်ပေါ်မှုကို လှုံ့ဆော်ရန်နှင့် ပန်းပွင့်မှုညီညာစေရန် အပင်ကြီးထွားမှု ထိန်းညှိဆေးတစ်မျိုးဖြစ်သည့် ဂျင်ဘရဲလစ်အက်စစ် (Gibberellic acid) ကို စတင်အသုံးပြုပါသည်။
ယင်းနောက် ဖြစ်ပေါ်လာသည့် ဖူးပွင့်အင်္ဂါများတင်ရှိမှု အားကောင်းစေရန် အနည်းလိုအာဟာရ ရွက်ဖျန်းမြေဩဇာအား ပန်းစတင်ပွင့်ချိန် ၅၀ ရက်သား၊ ပန်းပွင့်ဖြိုင်ချိန် ၇၀ ရက်သားတို့တွင် ဖြည့်စွက်အသုံးပြုပါသည်။
အပင်ပိုင်းကြီးထွားမှု (Vegetative Growth) ကိုထိန်းညှိ၍ သီးပွင့်အင်္ဂါ ဖြစ်ထွန်းမှု (Reproductive Growth) ကိုအားပေးပြီး ပန်းပွင့်မှုညီညာစေရန်အတွက် အပင်ကြီးထွားမှု ထိန်းညှိဆေးတစ်မျိုး ဖြစ်သည့် ပစ် (Pix - Mepiquat Chloride) ကို အပင်သက်တမ်း ၆၀ ရက်သားနှင့် ၇၅ ရက်သားတို့တွင် နှစ်ကြိမ် အသုံးပြုပါသည်။
နောက်ဆုံးအနေဖြင့် အပင်သက်တမ်း ၁၃၀ ရက်သားတွင် ဝါပေါက်ကွဲမှု ညီညာစေပြီး ဝါကောက်သိမ်းမှု ကာလတိုစေရန် အပင်ကြီးထွားမှု ထိန်းညှိဆေးတစ်မျိုးဖြစ်သည့် သီးကွဲဆေး (Ethephon) ကို ပက်ဖျန်း အသုံးပြုပြီးနောက် စောင့်ဆိုင်းရမည့်ကာလ ရက်သတ္တနှစ်ပတ်အကြာ အပင်သက်တမ်း ၁၄၅ ရက်သား ခန့်တွင် တစ်ပြိုင်တည်း ကောက်သိမ်းနိုင်ခြင်း ဖြစ်ပါသည်။
စမ်းသပ်မှုအောင်မြင်ရရှိ
ယခုနည်းပညာကို ပြည်တွင်းမျိုးများဖြစ်သည့် ရွှေတောင်-၈၊ ရွှေတောင်-၁၀၊ ငွေချည်-၁၁ နှင့် ပြည်ပ စပ်မျိုးဝါများဖြစ်သည့် B-31၊ RAKA-666 ၊ KTK တို့အပေါ် သက်ရောက်မှုကို နှိုင်းယှဉ်ရာတွင် ပြည်တွင်းမျိုး ငွေချည်-၁၁ နှင့် ရွှေတောင်-၁၀ တို့မှာ တုံ့ပြန်မှု အကောင်းဆုံးအနေအထားနှင့် စက်ဖြင့် ကောက်သိမ်းနိုင်ရန် အလားအလာအရှိဆုံးမျိုးများဖြစ်ကြောင်း တွေ့ရှိရပါသည်။ ယခုစမ်းသပ်မှုမှ အောင်မြင်မှု ရရှိခဲ့ပြီဖြစ်၍ ဧရိယာအကျယ်စနစ်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ယခုနည်းစနစ်ကို အသုံးပြုရာတွင် ပုံမှန်စိုက်ပျိုးပြုစုမှု စရိတ်များအပြင် အပင်ကြီးထွားမှု ထိန်းညှိဆေးနှင့် ဖြည့်စွက်အသုံးပြုသည့် အပင်အာဟာရများအတွက် ကုန်ကျစရိတ် ကျပ်တစ်သိန်းခန့် ပိုမိုကုန်ကျနိုင်ပါသည်။ သို့ရာတွင် အပင်ရေတိုးမြှင့်ဝင်ဆံ့သည့် စိုက်စနစ်ဖြင့် စိုက်ပျိုးထားခြင်း၊ အပင်ပိုင်း ကြီးထွားမှုမှ သီးပွင့်အင်္ဂါဖြစ်ပေါ်မှုသို့ အားပေးစေပြီး ဖြစ်ပေါ်လာသည့် သီးပွင့်အင်္ဂါများကို တင်ရှိမှုကောင်းစေရန် ဆောင်ရွက်ထားခြင်းဖြစ်၍ ဝါကောက်သိမ်းသက်တမ်း လျှော့ချနိုင်ပြီး တစ်ပြိုင်တည်း ကောက်သိမ်းနိုင်သဖြင့် နောက်သီးနှံကိုရာသီချိန်အမီ စိုက်ပျိုးနိုင်မည့် အားသာချက်အပြင် အထွက်နှုန်းအပေါ်တွင်လည်း အကျိုးသက်ရောက်မှုရှိသည်ကို တွေ့ရှိရပါသည်။ လက်ရှိတွင် နိုင်ငံအတွင်း ဝါကောက်စက် အသုံးပြုမှုမရှိသေးသော်လည်း တောင်သူများကလွယ်ကူစွာ ဝါကောက်သိမ်းနိုင်ခြင်းအပြင် ဝါကောက်စက်များ အသုံးပြုလာချိန်တွင် လက်တွေ့ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
ရေရှည်တွင် ဝါကောက်စက်အသုံးပြု ကောက်သိမ်းနိုင်ရန်အတွက် လိုအပ်ချက်အနေဖြင့် စက်များအတွက် ရင်းနှီးမြှုပ်နှံမှု ပမာဏကြီးမြင့်ခြင်း၊ ဝါကောက်စက် ကောင်းစွာအသုံးပြုနိုင်မည့် မျိုးများရှိရန်လိုအပ်ခြင်း၊ ဝါစိုက်ခင်းများသည် ဧကကွက်၊ ဟက်တာကွက်ကျယ်များဖြစ်ရန်နှင့် မြေမျက်နှာပြင် ညီညာရန်တို့ လိုအပ်ပါသည်။
ဝါကောက်စက်ဖြင့် ကောက်သိမ်းခြင်း၏ အားသာချက်များအနေဖြင့် ဝါအကြိမ်ကြိမ် ကောက်သိမ်းရ ခြင်းကြောင့် လုပ်သားအကြိမ်ကြိမ်သုံးစွဲမှုအစား တစ်ကြိမ်တည်းကောက်သိမ်းနိုင်မည်ဖြစ်ရာ လုပ်သား သုံးစွဲမှုလျှော့ချနိုင်ခြင်း၊ လုပ်သားများအပေါ် မှီခိုနေရမှုနှင့် လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ခြင်း၊ တစ်ရက်အတွင်း ဧရိယာများစွာ လုပ်ငန်းပြီးမြောက်မည်ဖြစ်သဖြင့် ရာသီဥတုကြောင့် ပျက်စီးမှုနှင့် ပိုးမွှားတိရစ္ဆာန်များ ဖျက်ဆီးမှုတို့မှ လွတ်ကင်းနိုင်ခြင်း၊ အလေအလွင့်နည်းပါးခြင်း၊ ဝါကောက်စရိတ်သက်သာခြင်း၊ အထွက်နှုန်းမှတ်တမ်းများရယူနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။


