ဝါသနာရှင်အဆင့်မှ ပညာရှင်အဆင့်သို့ ဘွဲ့ရခေတ်ပညာတတ် အနုပညာရှင်များ မွေးထုတ်ပေးနေသည့် ရန်ကုန်နှင့် မန္တလေးရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်

သတင်းဆောင်းပါး-သီသီမင်း

ဓာတ်ပုံ-ဟိန်းထက်လင်း၊ မင်းထက်အောင်(မန်းကိုယ်ပွား)

အနုပညာဗီဇနှင့် ပါရမီရှိသူ ကျောင်းသား ကျောင်းသူများအား ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့် ပြဇာတ် အစရှိသည့် အနုပညာဘာသာရပ်များထဲမှ ၎င်းတို့ဝါသနာပါရာ ပညာရပ်ကို လေ့လာဆည်းပူးနိုင်ပြီး ဝါသနာရှင်အဆင့်မှ ပညာရှင်အဆင့်ရှိသည့် ဘွဲ့ရခေတ်ပညာတတ် အနုပညာရှင်များစွာကို ရန်ကုန်နှင့် မန္တလေးမြို့ရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်၊ မန္တလေး)တို့မှ စနစ်တကျ သင်ကြား မွေးထုတ်ပေးလျက်ရှိသည်

“ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာ နယ်ပယ်မှာ လက်ရှိ နာမည်ကျော်တချို့ဆို ဒီကျောင်းဆင်းတွေပဲလေ။ ပန်းချီဆိုလည်း နိုင်ငံတကာအထိရောက်အောင် ထိုးဖောက်နိုင်တဲ့သူတွေရှိတယ်။ မီဒီယာနယ်ပယ်မှာလည်း ဒီကျောင်းဆင်းတွေရှိတယ်။ အဓိက က အနုပညာကို ဝါသနာပါဖို့ပဲလိုတယ်” ဟု အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခချုပ်ဦးအောင်နိုင်မြင့်က ပြောသည်။

မြန်မာ့ယဉ်ကျေးမှုအနုသုခုမပညာရပ်များကို စနစ်တကျ လေ့လာဆည်းပူးနိုင်ရန်၊ အနုပညာရပ်များ တိုးတက်ပြန့်ပွားရေးအတွက် ဖော်ထုတ်ထိန်းသိမ်းပြီး မျိုးဆက်သစ်များအား လက်ဆင့်ကမ်း အမွေပေးနိုင်စေရန် ရည်ရွယ်ချက်ကောင်းများဖြင့် မြန်မာ နိုင်ငံတွင် ပထမဆုံးအကြိမ် ဖွင့်လှစ်သော အနုပညာတက္ကသိုလ်တစ်ခု ဖြစ်သည် ယဉ်ကျေးမှုတက္ကသိုလ် (ရန်ကုန်)ကို ၁၉၉၃ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင်ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကမ္ဘာအေးစေတီလမ်း၌ ဖွင့်လှစ်ခဲ့သည်။

ထို့နောက် ၁၉၉၆ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် အဆိုပါယဉ်ကျေးမှုတက္ကသိုလ်(ရန်ကုန်)ကို ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ် ၁/ဈ၊ ၂၆ ရပ်ကွက် အောင်ဇေယျ လမ်းနေရာသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီးနောက်၂၀ဝ၇ ခုနှစ်တွင် ယဉ်ကျေးမှုတက္ကသိုလ်(ရန်ကုန်)မှ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) National University of Arts and Culture (Yangon) အဖြစ် အမည်ပြောင်းလဲခဲ့သည်။

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(မန္တလေး)ကိုလည်း ၂၀၁၁ ခုနှစ်တွင် ရွှေစာရံဘုရားလမ်း အုန်းချောကျေးရွာ ပုသိမ်ကြီးမြို့နယ် မန္တလေးတိုင်းဒေသကြီး၌ ထပ်မံဖွင့်လှစ်ခဲ့ရာ မြန်မာနိုင်ငံတွင် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်၊ မန္တလေး)ဟူ၍ တက္ကသိုလ်နှစ်ခု ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။

တခြားတက္ကသိုလ်များနည်းတူ သင်ကြား

“ဒီတက္ကသိုလ်တွေက တခြားတက္ကသိုလ်တွေနဲ့ တစ်မူကွဲနေတယ်လို့ တချို့တွေက ထင်နေတယ်။ မဟုတ်ပါဘူး၊ အတူတူပါပဲ။ တက္ကသိုလ်ပညာ သင်ကြားမှုကာလကလည်း လေးနှစ်၊ တခြားတက္ကသိုလ်တွေလည်း လေးနှစ်ပါပဲ။ ဝင်ကြေးတို့၊ ကျောင်းလခတို့ဆိုလည်း တခြားတက္ကသိုလ်တွေ နှုန်းထားအတိုင်းပါပဲ။ ဒီကျောင်းက အနုပညာ ဘာသာရပ်တွေသင်ရတယ်၊ ဒါပဲကွာတယ်” ဟု အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခချုပ်က ပြောသည်။

လေးနှစ်တက်ရောက်ပြီးပါက ဝိဇ္ဇာဘွဲ့ချီးမြှင်

အဆိုပါအမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်/မန္တလေး) တွင် အနုပညာအထူးပြု ဘာသာရပ်များဖြစ်သည့် ဂီတပညာအထူးပြု၊ သဘင်ပညာအထူးပြု၊ ပန်းချီပညာ အထူးပြု၊ ပန်းပုပညာ အထူးပြု၊ ရုပ်ရှင်နှင့် ပြဇာတ်ပညာ အထူးပြုဘာသာရပ်တို့အပြင် စာပေဘာသာရပ်များဖြစ်သည့်မြန်မာစာ၊ အင်္ဂလိပ်စာ၊ ယဉ်ကျေးမှုသမိုင်းတို့ကိုပါ သင်ကြားပေးလျက်ရှိပြီး ဝိဇ္ဇာဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့များ ချီးမြှင့်ကြောင်း သိရသည်

“အထူးပြုဘာသာရပ်ကြီး ငါးခုထဲကမှဝါသနာပါရာကို ရွေးချယ်သင်ကြားတဲ့အခါ တခြားတက္ကသိုလ်တွေအတိုင်းပဲ၊ လေးနှစ်သင်ရမယ်။ လေးနှစ်ပြီးရင် B.A. (ဝိဇ္ဇာဘွဲ့ ) ချီးမြှင့်ပါမယ်။ ဂီတအထူးပြုနဲ့ တက်ရင်ဝိဇ္ဇာဘွဲ့ ဂီတပေါ့။ B.A.  (music)ပေါ့။ ပန်းချီဆိုရင်လည်း ဝိဇ္ဇာဘွဲ့ပန်းချီ စသဖြင့်ဘွဲ့ချီးမြှင့်ပေးပါတယ်” ဟု ပါမောက္ခချုပ် ဦးအောင်နိုင်မြင့်က ပြောသည်။

ထို့အပြင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးမှုဦးစီးဌာနအစီအစဉ်ဖြင့် အချိန်ပိုင်း အနုပညာ ဒီပလိုမာသ င်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ဒီပလိုမာဘွဲ့များလည်း ချီးမြှင့်ကြောင်း သိရသည်။

နိုင်ငံတကာအဆင့်မီနိုင်ရေး ဆောင်ရွက်

ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်သည် တက္ကသိုလ်၏ သင်ကြားမှုစနစ်များကို နိုင်ငံတကာအဆင့်မီ ဆောင်ရွက်နိုင်ရေးအတွက် ကိုရီးယား၊ ထိုင်း အစရှိသည့် ပြည်ပတက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည့်အပြင် ခေတ်မီသင်ထောက်ကူပစ္စည်း အစုံအလင်ဖြင့် စာတွေ့၊ လက်တွေ့ သင်ကြားပေး လျက်ရှိကြောင်း သိရသည်

ပါမောက္ခချုပ် ဦးအောင်နိုင်မြင့်က “သင်တဲ့အခါ Traditional ရိုးရာသင်တာ ရှိသလို Contemporary လို့ခေါ်တဲ့ ခေတ်ပြိုင်သင်တာရှိတယ်။ ဥပမာ စောင်းတို့၊ ပတ္တလားတို့၊ ဆိုင်းဝိုင်းတို့ စတဲ့ မြန်မာ့တူရိယာတွေသင်သလို အနောက်တိုင်းဂီတတွေဖြစ်တဲ့ စန္ဒရားတို့၊ တယောတို့ကိုလည်း အထူးပြု ဘာသာအနေနဲ့ သင်ကြားပေးလျက်ရှိပါတယ်။ သဘင်မှာတော့ ခေတ်ပြိုင်မသင်ဘူး။ ရုပ်သေးရယ်၊ ဇာတ်ကြီးရယ်ဆိုပြီး ဘာသာရပ် နှစ်ခုခွဲထားပါတယ်။ ခေတ်ပြိုင်ကိုမသင်ပါဘူး။ ပန်းချီ၊ ပန်းပုမှာကျတော့ ရိုးရာနဲ့ အနောက်တိုင်းပန်းချီ၊ ပန်းပုတွေကိုပါ ပူးတွဲသင်ကြား ပေးလျက်ရှိပါတယ်” ဟု ပြောသည်

ထို့ပြင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ လက်ခံကျင်းပ ခြင်း၊ နိုင်ငံတကာယဉ်ကျေးမှု ပူးပေါင်းဖလှယ်ရေးအစီအစဉ်များတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ပြည်ပလေ့လာရေးခရီးစဉ်များ၊ အနုပညာ ပွဲတော်များ၊ ယဉ်ကျေးမှုဆိုင်ရာ စာတမ်းဖတ်ပွဲများ၊ အနုပညာအလုပ်ရုံဆွေးနွေးပွဲများ၊ အနုပညာ နှီးနှောဖလှယ်ပွဲများ၊ ပန်းချီ၊ ပန်းပုပြပွဲများသို့ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများအား စေလွှတ်တက်ရောက်စေခဲ့သည်။

အလုပ်အကိုင်ရရှိမှု ၅၀ ရာခိုင်နှုန်းရှိ

“ဒီတက္ကသိုလ်မှာ ဘွဲ့ရသွားတဲ့သူတွေ ကျောင်းပြီးသွားရင် ဘာတွေလုပ်ကြမလဲဆိုပြီးတော့ ကျောင်းသား ကျောင်းသူတွေ၊ မိဘတွေမေးလေ့ ရှိတာပေါ့။ ဘွဲ့ရပြီး အနုပညာ အလုပ်ကို သူတို့ရဲ့ ကိုယ်ပိုင်အသက်မွေးဝမ်း ကျောင်းအနေနဲ့ ဆောင်ရွက်တာရှိသလို တစ်ခါတလေ ဌာနဆိုင်ရာတွေမှာလည်း ဝင်ရောက်တာတွေ အများကြီးရှိတယ်။ အလုပ်အကိုင်ရရှိမှုကို ပြန်ကြည့်လိုက်ရင် ၅၀ ရာ ခိုင်နှုန်းကျော်လောက်က အလုပ်အကိုင်ရရှိတာ များပါတယ်” ဟု ပါမောက္ခချုပ် ဦးအောင်နိုင်မြင့်က ပြောသည်

ရန်ကုန်/မန္တလေးရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များသည် အထူးပြုဘာသာရပ် သင်တန်းများအား နှစ်စဉ်နိုဝင်ဘာလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ ပထမနှစ်ဝက်၊ ဒုတိယနှစ်ဝက် မေလ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးနေကြောင်း သိရသည်။

“ကျွန်တော်တို့ကျောင်းတွေက နိုဝင်ဘာလ ၁ ရက်နေ့ ဒါမှမဟုတ် ၂ ရက်နေ့ဆို ကျောင်းစဖွင့်ပြီ။ ပညာသင်နှစ် တစ်နှစ်ကိုသင်ကြားချိန်က ၁၀ လရှိပါတယ်။ လက်တွေ့ရော စာတွေ့ပါ သင်ကြားပေးတာဖြစ်တဲ့အတွက် တခြားတက္ကသိုလ်တွေထက် သင်ကြားချိန် နှစ်လပိုများပါတယ်” ဟု အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခချုပ် ဦးအောင်နိုင်မြင့်က ပြောကြားသည်

ဇူလိုင်လနှင့် သြဂုတ်လ နေ့စဉ်ထုတ်သတင်းစာများတွင် ကြေညာ

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်/မန္တလေး)တို့တွင် ပညာသင်နှစ်အလိုက် ကျောင်းသား ကျောင်းသူသစ်များခေါ်ယူရာတွင် နှစ်စဉ် ဇူလိုင်လနှင့် သြဂုတ်လအတွင်း နေ့စဉ်ထုတ် သတင်းစာများတွင် ကြော်ငြာထည့်သွင်း၍ ခေါ်ယူလေ့ရှိပြီး သင်တန်းဝင်ခွင့်အရည်အချင်း သတ်မှတ်ချက်နှင့် ကိုက်ညီသူများအား ဝင်ခွင့်စိစစ်ရေးအဖွဲ့က လူတွေ့စစ်ဆေးကာ အနုပညာ၊ ပင်ကိုအရည်အသွေး၊ အနုပညာ ဗီဇနှင့် ဝါသနာတို့အရ အထူးပြုဘာသာရပ်များကို တက်ရောက်ခွင့်ပြုရန် စိစစ်ရွေးချယ်ကြောင်း သိရသည်။

အောက်တိုဘာလ ၁၈ ရက်နေ့ နောက်ဆုံးလျှောက်ထားနိုင်

ယခုနှစ် ၂၀၁၉- ၂၀၂၀ ပညာသင်နှစ်တွင် ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ပထမနှစ်သင်တန်းများသို့ တက်ရောက်မည့် သူများအနေဖြင့် လျှောက်လွှာပုံစံများကို မိမိတို့တက်ရောက်မည့် တက္ကသိုလ်များတွင်ဝယ်ယူ၍ လျှောက်လွှာနှင့်အတူ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ကြောင်း ထောက်ခံချက်၊ အမှတ်စာရင်းမူရင်း၊ ပတ်စ်ပို့အရွယ်ဓာတ်ပုံ ခုနစ်ပုံနှင့်အတူ အောက်တိုဘာလ ၁၈ ရက်နေ့နောက် ဆုံးထား၍ တိုက်ရိုက်ပေးပို့ လျှောက်ထားနိုင်ကြောင်းနှင့် လူတွေ့စစ်ဆေးခြင်းကိုအောက်တိုဘာလ ၂၈ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်

တက္ကသိုလ်ဝင်စာမေးပွဲရမှတ်အပေါ်မှာ မရွေးချယ်၊ အနုပညာဝါသနာပါမှုအပေါ်မှာသာ ရွေးချယ်

“ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်တဲ့ ကျောင်းသား ကျောင်းသူတွေ လျှောက်ထားလို့ရပါတယ်။ ဘယ်ဘာသာတွဲနဲ့ပဲဖြစ်ဖြစ်ပါ။ ရမှတ်ကို မသတ်မှတ်ထားပါဘူး။ တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်အပေါ်မှာလည်း မရွေး ချယ်ပါဘူး။ ဘာကိုပဲ အဓိကထားသလဲဆိုတော့ သက်ဆိုင်ရာ အထူးပြု ဘာသာရပ်နဲ့ကိုက်ညီတဲ့ ကျန်းမာသန်စွမ်းမှုနဲ့ အနုပညာဝါသနာပါမှု၊ အနုပညာပင်ကို အရည်အသွေးရှိမှုတွေကိုပဲ ကျွန်တော်တို့ ရွေးပါတယ်” ဟုအမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခချုပ်က ပြောသည်။

သက်ဆိုင်ရာတက္ကသိုလ်များတွင် လျှောက်ထားရမည်

ထိုသို့လျှောက်ထားရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ် စာစစ်ဌာနများမှ တက္ကသိုလ်ဝင်တန်း အောင်မြင်သူများသည် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)သို့ လည်းကောင်း၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယား ပြည်နယ်နှင့် ချင်းပြည်နယ် စာစစ်ဌာနများမှ တက္ကသိုလ်ဝင်တန်း အောင်မြင်သူများသည် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) သို့လည်းကောင်း လျှောက်ထားရမည်ဖြစ်သည်။

“တခြား အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေလို ဆေးတက္ကသိုလ်ဆို ဆရာဝန်ဖြစ်သွားတာပေါ့။ ကျွန်တော်တို့တက္ကသိုလ်မှာတော့ အနုပညာ တက္ကသိုလ်ဖြစ်တဲ့အတွက် ဒီကကျောင်းဆင်းရင် ဝါသနာပါရာ အနုပညာလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်နိုင်အောင်ရယ်၊ ဌာနဆိုင်ရာ လုပ်ငန်းခွင်ဝင်နိုင်အောင်လည်း သင်ကြားပေးလျက်ရှိပါတယ်။ အနုပညာကို တကယ်ဝါသနာပါတဲ့သူတွေကို ကျောင်းက အမြဲကြိုဆိုနေပါတယ်” ဟု ပါမောက္ခချုပ် ဦးအောင်နိုင်မြင့်က ပြောသည်

လက်ရှိတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)နှင့် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) တက္ကသိုလ်နှစ်ခုမှ အနုပညာနယ်ပယ်တွင် တီထွင်ကြံဆမှုနှင့် ဖန်တီးနိုင်မှု အရည်အသွေးမြင့်အနုပညာရှင် ခေတ်ပညာတတ်လူငယ်များ ထောင်နှင့်ချီ မွေးထုတ်ပေးလျက်ရှိသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းလိုသူများ၊ ခေတ်ပြိုင်အနုပညာကို စိတ်ဝင်စားသူများ၊ အနုပညာနယ်ပယ်တွင် မြန်မာ့အနုသုခုမ ပညာရပ်များဖြင့် အသက်မွေးလိုသူများ၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းချင်သူများအတွက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်သည် ဘူမိနက်သန်နေရာမှန်ဖြစ်ရာ အနုပညာဝါသနာ အရင်းခံရှိသူ ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိတို့ဝါသနာနှင့် ကိုက်ညီသည့် တက္ကသိုလ်ကို ရွေးချယ်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်အကြောင်း မိတ်ဆက်ရေးသား လိုက်ရပါသည်။ ။

ကြေးမုံ