မိုးညှင်း ၁၆  သြဂုတ် 

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဆေးရုံကြီးတွင် ဝါးထိုးမိပြီး လက်တွင် ဒဏ်ရာရရှိသည်ဆိုသည့် လူနာအား ခွဲစိတ်ကုသရာမှ ကျည်စနှင့်ခဲသီးများ တွေ့ရှိရသဖြင့် သက်ဆိုင်ရာမှ စစ်ဆေးရာ တူမီးသေနတ်ထိမှန်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။
   
ဖြစ်စဉ်မှာ သြဂုတ်  ၁၃ ရက်က မိုးညှင်းခရိုင်ဆေးရုံတွင် ဝါးထိုးမိသည်ဆိုကာ ဆေးဝါး ကုသမှုခံယူနေသော အင်းတော်ကြီးမြို့ ချောင်းဝကျေးရွာနေ ကျော်ဇင်ထွန်း ၂၁ နှစ် အား ခွဲစိတ်ဆရာဝန်မှ ဆေးဝါးကုသစဉ် ဒဏ်ရာအတွင်းမှ ကျည်စ နှင့် ခဲသီးများတွေ့ရှိရသဖြင့် သြဂုတ် (၁၄) ရက်တွင် သက်ဆိုင်ရာ လုံးတုံနယ်မြေရဲစခန်းသို့ အကြောင်းကြားခဲ့သည်။
  
လုံးတုံနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မိုးညှင်းခရိုင်ဆေးရုံကြီးတွင် ဆေးဝါး ကုသမှု ခံယူနေသော ကျော်ဇင်ထွန်းအား စစ်ဆေးမေးမြန်းခဲ့ရာ ကျော်ဇင်ထွန်းသည် ချောင်းဝကျေးရွာအရှေ့ဘက် (၅) မိုင်ခန့်အကွာ လယ်တောတွင် နေထိုင်ကာ အမဲလိုက်ရန်အတွက် လက်လုပ်တူမီးသေနတ်တွင် ယမ်းထည့်စဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး ယာဘက်လက်ဖဝါးပေါ်တွင် ပေါက်ထွက်ဒဏ်ရာ (၂) ချက်နှင့် အလယ်လက်ချောင်းရိုး ကျိုးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
  
ဖြစ်စဉ်ကြောင့် ကျော်ဇင်ထွန်း ၂၁ နှစ် ချောင်းဝကျေးရွာ အင်းတော်ကြီးမြို့၊ မိုးညှင်းမြို့နယ် နေထိုင်သူအား လုံးတုံနယ်မြေရဲစခန်းမှ အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နီတိုး (မိုးညှင်း)