K ဇင်သစ် (မန်းတက္ကသိုလ်)

အတိတ်ငယ်ဘဝကို ပြန်မြင်ယောင်နေမိသလို ခံစားမိပါသည်။ စာရေးသူတို့ နေထိုင်ရာဒေသတွင် ယခုကဲ့သို့ သင်္ကြန်ပြီး ခါစကာလမှာ ဝါခင်းများကို ပေါင်းပေါက် ခဲ့ကြရသည့်အလုပ်က လက်လုပ် လက်စားများအဖို့ အလုပ်အကိုင် အခွင့်အလမ်းရရှိနေခဲ့ခြင်းဖြစ်ပါသည်။ ဇွန်-ဇူလိုင်လတွင် ဝါများကောက်ကြရသည့် အခါမှာလည်း ရွာလုံးကျွတ်ကိုယ်စီ ဝါကောက်ထွက်ကြရသည့်   အလုပ်က   ပျော်မွေ့ဖွယ်ကောင်းလှပါသည်။

ရာသီဥတုလည်းမှန် တောင်ပုလု ဆည်ရေသောက်လည်းဖြစ်တော့ မိုးစပါးပြီးလျှင် ဝါစိုက်ကြပြီး ဝါပြီးလျှင် စပါးပြန်စိုက်ကြသည့်အတွက် တစ်နှစ်ပတ်လုံး လယ်မြေများမှာ အအားအလပ်မရှိ စိုက်ပျိုးခဲ့ကြသည်ကို မှတ်မိနေပါသည်။ ကိုယ့်ဒေသတွင်စိုက်သည့် ဝါကိုပင် တစ်နိုင်ငံလုံး စိုက်ပျိုးကြသည်ဟု ထင်ခဲ့မိသော်လည်း မြန်မာနိုင်ငံတွင် ဝါစိုက်ပျိုးမှု နှင့်ပတ်သက်၍ မိုးကြိုဝါ၊ မိုးဝါ၊ မိုးနှောင်းဝါ ဟူ၍ စိုက်ပျိုးကာလမတူ နေရာဒေသ ကွဲပြားစွာ စိုက်ပျိုးနေကြသည်ကို လေ့လာ သိရှိရပါသည်။

 

မိုးကြိုဝါ၊ မိုးဝါ၊ မိုးနှောင်းဝါ

 

ဝမ်းတွင်းမြို့နယ် အနောက်ခြမ်း ဒေသတွင် ဖေဖော်ဝါရီလနှင့် မတ်လတို့ တွင် စိုက်ပျိုးကြသည့်ဝါမှာ မိုးကြိုဝါဖြစ်သည်ဟု သိရှိရပါသည်။ မိုးဝါကို မေလလယ်မှ ဇွန်လကုန်အထိလည်းကောင်း၊ မိုးနှောင်းဝါကို ဩဂုတ်လမှ စက်တင်ဘာလအထိ လည်းကောင်း စိုက်ပျိုးကြပါသည်။ နိုင်ငံအတွင်း နေပြည်တော်၊ စစ်ကိုင်း၊ ပဲခူး၊ မကွေးနှင့် မန္တလေးတိုင်းဒေသကြီး တို့တွင် ဝါကို အဓိကစိုက်ပျိုးကြပြီး မိုးနှောင်းဝါကို အများဆုံးစိုက်ပျိုးကြသည်ဟု သိရှိရပါသည်။

ဝါပင်မှ ဝါအသီးသီးသည်အထိ ရက်ပေါင်း ၁၄၀ မှ ၂၀၀ ခန့်ကြာအောင် ပြုစုပျိုးထောင်ကြရပြီး ဝါတစ်ပင်လျှင် နှစ်ကြိမ်မှသုံးကြိမ်အထိ ဝါကောက်ရသည်။ ဝါတွင်ချည်မျှင်ရှည်ဝါနှင့် ချည်မျှင်တိုဝါဟူ၍ နှစ်မျိုးစိုက်သော်လည်း မြန်မာနိုင်ငံတွင် ချည်မျှင်ရှည်ဝါကိုသာ အများဆုံး စိုက်ပျိုးကြပါသည်။ ဝါ သီးနှံစိုက်ပျိုးရာတွင် သီးလုံးဖောက်ပိုး ဒဏ်ခံနိုင်သော အထွက်တိုးမျိုးစိုက်ရန် လိုအပ်ပြီး ပျမ်းမျှအပူချိန် ၂၅°C မှ ၃၀°C ကြား စိုက်ပျိုးနိုင်သည်။ မြေယာပြုပြင် ခြင်းကို ထယ်ရေးနက်၍ ထွန်ရေးညက် အောင် ထယ်တစ်စပ်၊ ထွန် လေး၊ ခြောက် စပ်ထွန်ရန်၊ မိုးကြိုရာသီ မြေအစိုဓာတ်ရှိ ချိန်၌ ထယ်ထိုးရန် မြေခြောက်ပါက ရေသွင်းပြီးမှ မြေအထန့်တွင် ထယ်ထိုး ရန်နှင့် မိုးနှင့် မိုးနှောင်းစိုက်မည့်မြေကို နွေထယ်ရေးခံထားရန် သို့မဟုတ် ပထမ သီးနှံအပြီးတွင် ထယ်ထိုး၊ ထယ်မွှေထား ရန် လိုအပ်ပါသည်။

ရေလိုအပ်မှုမှာ ဝါပင်များသည် ပန်းပွင့်ချိန်၊ ဝတ်မှုန်ကူးချိန်နှင့် အစေ့ အဆန်ထည့်ချိန်တွင် ရေငတ်ဒဏ်မခံနိုင် ပါ၊ အပင်ကြီးထွားချိန်တွင် ရေငတ်ပါက အပင်ပု၊ အရွက်သေးကာ အထွက်နှုန်း ထိခိုက်နိုင်ပြီး ဝတ်မှုန်ကူးချိန်တွင် မိုးရွာ သွန်းမှု များလွန်းပါကလည်း အထွက် နှုန်းလျော့ကျစေနိုင်၍ ဂရုပြုသင့်ပါသည်။

မိုးကြိုဝါတွင် ရေသွင်းခြင်းကို မြေပြင်ချိန်၊ စိုက်ချိန်၊ ပန်းစပွင့်ချိန်၊ ပန်းပွင့် ဖြိုင်ချိန်နှင့် ဝါသီးကြီးထွားချိန်တို့တွင် ဆောင်ရွက်ရမည်။ မိုးနှောင်းဝါတွင် ပန်းစပွင့်ချိန်မှ ဝါသီးကြီးထွားချိန် အထိ နှစ်ကြိမ်မှသုံးကြိမ်အထိ ရေသွင်းရမည်။ မိုးဝါတွင်ပန်းစပွင့်ချိန်နှင့် ပန်းပွင့်ဖြိုင်ချိန်၊ အသီးကြီးချိန်တွင် ရေလိုအပ်ပါက သွင်းပေးရန်နှင့် ရေသွင်းပြီးတိုင်း ကြားပေါင်းလိုက်၍ မြေဆွပေးရမည် ဖြစ်ပေသည်။ ဝါပင်အား စိုက်ပြီး ၁၅၊ ၂၀ ရက်အတွင်း ရွက်ဆစ် သုံး၊ လေးရွက် ထွက်ချိန်တွင် သားခွဲရမည်ဖြစ်ပြီး သားခွဲနောက်ကျပါက သီးကိုင်းအထွက်နည်း နိုင်မည်ဖြစ်၍ တောင်သူများအ‌နေဖြင့် အလေးထား လုပ်ဆောင်ကြရမည်ဖြစ် ပေသည်။

 

ရွှေတောင် ၁၀ နှင့် Raka 666 မျိုးတို့ကို အများဆုံးစိုက်ပျိုး

 

ဝါစိုက် တောင်သူများအနေဖြင့် ယနေ့အချိန်အခါတွင် ဝါအထွက်နှုန်း တိုးသည့် ရွှေတောင် ၁၀ နှင့် Raka 666 မျိုးတို့ကို အများဆုံးစိုက်ပျိုးကြပြီး ပန်းတိုင်အထွက်နှုန်း တစ်ဧကလျှင် ပိဿာ ၇၀၀ ထွက်ရှိအောင် စတင်စိုက်ပျိုးသည်မှ ခူးဆွတ် (ဝါကောက်) သည်အထိ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ဝါယမစိုက်ထုတ်လုပ်ကိုင်ကြမှသာ ပန်းတိုင်အထွက်နှုန်းကို ရရှိနိုင်ကြမည် ဖြစ်ပါသည်။ သွင်းအားစုထည့်သွင်းရမည့် အချိန်နှင့်လိုအပ်ချက်များကို အပြည့်အဝ ထည့်သွင်းပေးနိုင်ပါက အထွက်နှုန်း ပိုမို ထွက်ရှိလာနိုင်မည်ဖြစ်ပါသည်။

မိရိုးဖလာစိုက်ပျိုးနေကြ၍ ဝါအထွက်နှုန်း ပုံမှန်အနေအထားရှိနေခြင်းမှ ဝါအထွက်နှုန်း ပိုမိုထွက်ရှိလာနိုင်စေရန် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၏ ဦးဆောင် လမ်းညွှန်မှုဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဝါသီးနှံစိုက်ပျိုး ရေးစီမံကိန်းကို သမဝါယမကဏ္ဍက အားသွန်ခွန်စိုက် လုပ်ဆောင်နေသည်ဟု ကြားသိရ၍ ဝမ်းသာပီတိဖြစ်မိပါသည်။

သမဝါယမကဏ္ဍက ဝါသီးနှံပိုမိုတိုးချဲ့ စိုက်ပျိုးနိုင်ရေးအတွက် ဘယ်လိုအခန်းကဏ္ဍမှ ကူညီပံ့ပိုး ပေးနေသည်ကို စောကြောမိပါသည်။ ဝါစိုက်ပျိုးသည့် နယ်မြေဒေသရှိ ဝါစိုက်တောင်သူများအား စည်းရုံးဆွေးနွေးပြီး တောင်သူတစ်ဦးချင်းအလိုက် စိုက်ပျိုးသည့် ဧက၊ ဝါမျိုးကောင်း မျိုးသန့်လိုအပ်မှု၊ သွင်းအားစုလိုအပ်ချက်များကို အသေးစိတ်စာရင်းဇယားများ ပြုစုပြီး ကျေးရွာကို အခြေခံ၍ ယခင် ဖွဲ့စည်းပြီး အသင်းရှိနေပါက အသင်းသား သစ်များအဖြစ်ပါဝင်နိုင်ရေး၊ အသင်းသစ် ဖွဲ့စည်းရန် လိုအပ်ပါက တည်ဆဲဥပဒေနှင့်အညီ ဖွဲ့စည်းဆောင်ရွက်ပေးလျက်ရှိပါသည်။

လုပ်ငန်းကြီးကြပ်မှု ကော်မတီ အဆင့်ဆင့်ဖွဲ့စည်းပြီး Raka 666 ကဲ့သို့ အထွက်နှုန်းကောင်းသည့် ဝါမျိုးကောင်း မျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ မြေဩဇာ များအချိန်အလိုက် စနစ်တကျထည့်သွင်း နိုင်ရေး အပင်ကြီးထွားမှုအဆင့်အလိုက် ပြုစုဆောင်ရွက်နိုင်ရေး၊ ဝါသီးနှံစိုက်ပျိုးရာတွင် လိုအပ်သည့် အသိပညာ၊ ဗဟုသုတများတိုးပွားစေရန် သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာနမှ ပညာရှင်များနှင့် ပူးပေါင်း၍ ဝါပင်တွင် ကျရောက်တတ် သည့် ပိုးမွှားနှင့် ရောဂါဒဏ်ကာကွယ်နိုင် ရေး ပညာပေး သင်တန်းများ၊ ဆွေးနွေးပွဲများပြုလုပ်ခြင်း၊ စတင်စိုက်ပျိုးသည်မှ ဝါထွက်ရှိသည်အထိ သတ်မှတ်ရက် အလိုက် လုပ်ဆောင်ကြရမည့် ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင် ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရ၍ ဝါစိုက်ဧကများ ပိုမိုတိုးတက်လာပြီး စိုက်ပျိုးသည့်ဧကတိုင်း ပန်းတိုင်အထွက် နှုန်းအတိုင်း ပြည့်မီပြီး ဝါစိုက်တောင်သူများ ဝင်ငွေပိုမို ရရှိနိုင်တော့မည်ဖြစ်ပါသည်။

 

ဈေးကွက်တွက်ခြေကိုက်

 

ဝါတစ်ဧက စိုက်ပျိုးသည့်အခါ ငွေကျပ် ခုနစ်သိန်းမှ ၁၀ သိန်းခန့် ကုန်ကျ နိုင်ပြီး ပန်းတိုင်အထွက်နှုန်း ထွက်ရှိပါက လက်ရှိ ဈေးကွက်ပေါက်ဈေးဖြင့် ပြန်လည်ရောင်းချပါက ဈေးကွက်တွက်ခြေကိုက်၍ စိုက်ပျိုးသင့်သည့် သီးနှံအမျိုး အစားထဲတွင် ပါဝင်နေသည်ဟုဆို၍ရနိုင်ပါသည်။ ဝါစိုက် တောင်သူများအဖို့ မိမိတို့စိုက်ပျိုးထွက်ရှိသည့် ဝါဂွမ်းများ ဖြင့် ချည်ငင်၊ ချည်ထည် ဖြစ်တည်လာပြီး လူသားတို့၏ ဝတ်ဆင်ရေးတွင် အဆင်ပြေအထောက်အပံ့ဖြစ်နေသည် ဟုမှတ်ယူ၍ ဝမ်းသာပီတိ ဖုံးစေကာ ကုသိုလ်လည်းရ ဝမ်းလည်းဝ ဆိုဘိသကဲ့သို့ ခံစားနိုင်ကြမည်လည်း ဖြစ်ပါသည်။

မြန်မာ့ရိုးရာချည်ထည်များ ဝတ်ဆင်၍ ပြည်တွင်းဖြစ်ကို သုံးစွဲလာကြခြင်းအားဖြင့် ပြည်ပသွင်းကုန် အစားထိုးခြင်း လုပ်ငန်းကို ဆောင်ရွက်နေခြင်းဖြစ်သကဲ့သို့ နိုင်ငံတော်အတွက် နိုင်ငံခြားငွေသုံးစွဲ မှု လျော့နည်းလာနိုင်တော့မည်လည်းဖြစ်ပါသည်။ ဝါစိုက်ပျိုးရေးစီမံကိန်းအရ သမဝါယမ အသင်းသားတောင်သူများအား တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှင့်ညီမျှသော မြေဩဇာများ ထောက်ပံ့ပေး နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ တိုင်းဒေသကြီး လေးခု၊ မြို့နယ် ၉၅ မြို့နယ်တို့တွင် မိုးဝါ ၁၂၆၄၂ ဧက၊ မိုးနှောင်းဝါ ၈၁၅၆၂ ဧကနှင့် မိုးကြိုဝါ ၁၇၉၆ ဧက စုစုပေါင်းဧက ၉၆၀၀၀ အတွက် ငွေကျပ် သန်း ၁၉၂၀၀ ဖိုး ထောက်ပံ့ပေးနိုင်ရေး ဖော်ပြပါဇယား အတိုင်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ သမဝါယမကဏ္ဍက ဝါသီးနှံတိုးချဲ့ စိုက်ပျိုးနိုင်ရေး လိုအပ်သော သွင်းအားစုများ ထောက်ပံ့ပေးနိုင်ရန် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ (ပြည်ထောင်စု/ တိုင်းဒေသကြီး)၊ သမဝါယမအသင်းပိုင် ငွေကြေးများဖြင့် အကောင်အထည် ဖော်ဆောင်ရွက်သွားရန် စီမံထားကြောင်း သိရှိရပါသည်။ မည်သို့ပင်ဆိုစေ ဝါစိုက်တောင်သူများအတွက် ဝါဂွမ်း ပိုမို ထွက်ရှိလာစေရေး လိုအပ်သော သွင်းအားစုများအား သီးနှံပေါ်ပေးစနစ်ဖြင့် ပေးချေရမည် ဖြစ်ခြင်းနှင့် ထွက်ရှိလာသော ဝါဂွမ်းများအား ဈေးကွက် ချိတ်ဆက်ပေးခြင်းကို သမဝါယမ အသင်းများက ကူညီဆောင်ရွက်ပေးသွားမည်ဟု သိရှိရ၍ ဝင်ငွေတိုးပွားရရှိလာမည်မှာ မလွဲဧကန် ဖြစ်ပါသည်။

 

ဝင်ငွေကိုယ်စီ တိုးမြင့်ရရှိလာနိုင်တော့မည်

 

ဝါစိုက်ပျိုးရေးစီမံကိန်း ဆောင်ရွက် ရာတွင် ပူးပေါင်းဆောင်ရွက်ကြမည့်ကုမ္ပဏီများ၊ အဝယ်ဒိုင်များ၊ သမဝါယမအသင်းများနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ခြင်းနှင့် ထွက်ရှိလာသော ဝါကုန်ကြမ်းများကို ကုန်ချောအဖြစ် ထုတ်လုပ်နိုင်ရေး စိတ်ပါဝင်စားမှုရှိပြီး ဖြစ်မြောက်အောင် ဦးဆောင်လုပ်ကိုင်နိုင်မည့် သမဝါယမ အသင်းများ/အသင်းသားများ ထံသို့ ဝါကြိတ်စက်၊ ဝါဖန်စက်၊ ဝါဂွမ်းဖိစက်၊ ဝါလိပ်စက်၊ ဝါစေ့ဆီစက်များကို တည် ထောင်ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက် ပေးသွားမည်ဟု သိရှိရ၍ ဝါဈေးကွက်မှာ တောင်သူများ ကြိုက်နှစ်သက်သည့် ဈေးကောင်းများ ရရှိကာ ဝင်ငွေကိုယ်စီ တိုးမြင့်ရရှိလာနိုင်တော့မည်ဖြစ်ပါသည်။

အချုပ်အားဖြင့်ဆိုရသော် နိုင်ငံတော်က ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီးပွားရေး ဦးတည်ချက်များအား သမဝါယမကဏ္ဍက တတ်စွမ်းသည့်ဘက်မှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည့်နည်းတူ ဝန်ကြီးဌာန၏ မျှော်မှန်းချက်ဖြစ်သော ကျေးလက်နေ ပြည်သူများ၏ ဝင်ငွေတိုးပွားလာစေရေးကို အကောင်အထည်ဖော်သည့်အနေဖြင့် ဝါစိုက်တောင်သူများအား လိုအပ်သော မျိုးကောင်းမျိုးသန့်၊ သွင်းအားစုဓာတ်မြေဩဇာများ ထောက်ပံ့ပေးနိုင်ရေး စီမံဆောင်ရွက် သွားမည့် ဝါစိုက်ပျိုးရေးစီမံကိန်းကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ၏ ဝတ်ဆင်ရေး အဆင်ပြေချောမွေ့လာ နိုင်ခြင်းနှင့် တောင်သူများ ဝင်ငွေပိုမိုရရှိ နိုင်မည်ဖြစ်ခြင်းတို့ကြောင့် ဝါသီးနှံ တိုးချဲ့စိုက်ပျိုးကြပါစို့ဟု တိုက်တွန်း ရေးသားလိုက်ရပါသည်။

 

ကိုးကား

စိုက်ပျိုးရေးဦးစီးဌာနနှင့် သမဝါယမ ဦးစီးဌာနမှ စာရင်းအချက်အလက်