လေးမျက်နှာ   ၁၈     နိုဝင်ဘာ


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ပြည်သူလူထုတွေ့ဆုံပွဲကို လစဉ်တိုင်း ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့  နံနက် ၁၁ နာရီက ဝါးတောကွင်းကျေးရွာဓမ္မာရုံ၌ ပြည်သူ လူထုတွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

 

တွေ့ဆုံပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းက အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၊  စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံး သူရေးရာဌာန၊ မြို့နယ်လယ်ယာ‌မြေဖွံ့ဖြိုး‌ရေးဘဏ်၊ မြို့နယ်စက်မှု လယ်ယာဦးစီးဌာန၊ မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်သမဝါယမအသင်းဦးစီးဌာနနှင့် မြို့နယ်ပညာ‌ေရးဌာနတို့မှ တာဝန်ရှိသူများက ပြည်သူ့လိုအပ်ချက်များနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆောင်ရွက်ပေးခဲ့မှုများနှင့် ဦးစားပေးကဏ္ဍအလိုက် ဆက်လက်ဆောင်ရွက်ပေးသွားမည့် လုပ်ငန်း စဉ်များကိုလည်းကောင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး၊ မှုခင်းကျဆင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ဝါးတောကွင်းကျေးရွာနှင့် အနီးဝန်းကျင်ရွာများမှ ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လမ်းအား ပြန်လည်ပြုပြင်‌‌ဆောင်ရွက်ပေးရန်၊ စိုက်ပျိုးရေရရှိရေးအတွက် စက်ရေတွင်း တူးဖော်ပေးစေလိုခြင်းများ စသည့် လိုအပ်ချက်များကို တင်ပြကြရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်း လင်းဖြေကြားခဲ့ကြသည်။

ဆက်လက်၍ မွန်းလွဲ ၁ နာရီတွင် မြို့နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက အဆိုပါကျေးရွာရှိ သက် ကြီးရွယ်အိုများနှင့် ကလေးငယ်များအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း ပြုလုပ်ပေးခြင်းနှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝက်စာအိပ် ၂၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရွှေမိုး (ပြန်/ဆက်)