ကျောက်ထု  ၁၆  မတ်

 

ကျောက်ထုမြို့နယ်နှင့် ချင်းတောင်များမှထွက်ရှိသော ဝဥ မျိုးစေ့များကို ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံများမှ ကိုယ်စားလှယ်များက ကွင်းဆင်းစနစ်ဖြင့် တိုက်ရိုက်ဝယ်ယူ လျက်ရှိပါကြောင်း ကျောက်ထုမြို့ ဝဥစိုက်ပျိုးရောင်းချသူ ဦးစိုင်းစိုင်း က ပြောကြားသည်။

 

မြန်မာနိုင်ငံမှ ဝဥ မျိုးစိတ် ၁၈ မျိုးရှိပါကြောင်း၊ အရောင်များအနေဖြင့် အဖြူ၊ အဝါ၊ ပန်းရောင် စသည့် အရောင်သုံးမျိုးရှိပြီး၊ အဝါဥနှင့် ပန်းရောင်ဥများက အရည်သွေးကောင်းပြီး ဈေးကောင်းရောင်းရကြောင်းနှင့် ဝဥ အဖြူများကို  စက်ရုံများမှ ဝယ်ယူလျက်ရှိပါကြောင်း ၎င်းက ပြောကြားသည်။

 

ဝဥ မျိုးစေ့ရောင်းချရာတွင်  အသီးမျိုး၊ ဥမျိုးဟူ၍ နှစ်မျိုးရှိပါကြောင်း၊ ဈေးနှုန်းအနေဖြင့် အသီးတစ်ပိဿာလျှင် ငွေကျပ် ၁၃၅၀၀၊ တစ်နှစ်ဥမျိုး တစ်ပိဿာလျှင်  ငွေကျပ် ၅၀၀၀၊ နှစ်နှစ် ဥမျိုး တစ်ပိဿာလျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိပါကြောင်း ၎င်းက ပြောကြားသည်။

 

ဝဥ များပေါ်ချိန်တွင်  ဂျပန်၊ ကိုရီးယား၊ တရုတ် နိုင်ငံများမှာ ကိုယ်စားလှယ်များက တိုက် ရိုက်ဝယ်ယူလျက်ရှိပြီး၊  မန္တလေးစက်ရုံ သမားများကလည်း ချင်းတောင်ဘက်အထိ ဆင်းပြီးဝယ် ယူပါကြောင်း ကျောက်ထုမြို့ ဝဥ စိုက်ပျိုးရောင်းချသူ ဦးစိုင်းစိုင်း က ပြောကြားသည်။

 

မွှေးကြူဇင်