ဝူဟန် ယူ-၁၄ ဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲအဖြစ် မြန်မာနှင့် အင်ဒိုနီးရှား မနက်ဖြန် ကစားမည်

၁ ဇူလိုင်

 

၂၀၁၉ ဝူဟန် ယူ-၁၄ ဖိတ်ခေါ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲကို ဇူလိုင် ၂ ရက် တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာ ယူ-၁၄ အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 

မြန်မာ ယူ-၁၄ အသင်းသည် ယင်းပြိုင်ပွဲတွင် အုပ်စု (က) ၌ ပါဝင်ခဲ့ပြီး ဇွန် ၂၉၊ ၃၀ ရက်က ယှဉ်ပြိုင်ကစားသည့် အုပ်စုပွဲများတွင် အာရှထိပ်သီးအသင်းများကို ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။ မြန်မာအသင်းသည် အိမ်ရှင်တရုတ်အသင်းကို ငါးဂိုး-ဂိုးမရှိ၊ တောင်ကိုရီးယားအသင်းကို ငါးဂိုး-ဂိုးမရှိတို့ဖြင့် ရှုံးနိမ့်ထားပြီး အမှတ်မရသေးပေ။ ယင်းပြိုင်ပွဲတွင် အသင်းရှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး အုပ်စုနှစ်ခုခွဲကာ ကျင်းပလျက်ရှိသည်။ အုပ်စုပွဲများအပြီးတွင် အုပ်စုတွင်းရပ်တည်မှုအပေါ် မူတည်၍ အဆင့်ရပ်တည်မှုပွဲများ ဆက်လက်ကစားရမည်ဖြစ်သည်။ အုပ်စုခွဲဝေထားမှုအရ အုပ်စု (က)တွင် မြန်မာ၊ တရုတ်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှား၊ အုပ်စု (ခ)တွင် ဝူဟန်၊ မြောက်ကိုရီးယား၊ ဂျပန်ကလပ် အိုဆာကာနှင့် မလေးရှား ယူ-၁၄အသင်းတို့ ပါဝင်နေသည်။ 

 

ယင်းပြိုင်ပွဲဝင် မြန်မာ ယူ-၁၄ အသင်းကို နည်းပြချုပ်အဖြစ် ဦးဘိုဘိုအောင်က ကိုင်တွယ်နေပြီး ယူ-၁၅ အသင်းနည်းပြချုပ်သစ်ဖြစ်လာမည့် နယ်သာလန်နိုင်ငံသား ဟန်ဒရီကတ်မာရီနတ်စ်က အသင်းခြေစွမ်းကို လိုက်ပါကြည့်ရှုလေ့လာလျက်ရှိသည်။

 

သတင်း-ရဲရင့်ရှိုင်း