၆ ဖေဖော်ဝါရီ

 

ခုတလော သတင်းထဲမှာ ထိပ်ဆုံးက ရေပန်းစားနေတဲ့ သတင်းဆိုရင် ဝူဟန်ကိုရိုနာဗိုင်းရပ်စ်အကြောင်းပဲ ပြောရမှာပါ။ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ အစပျိုးလိုက်ရာမှာ အခုဆိုရင် တစ်ကမ္ဘာလုံး နေရာအနှံ့မှာ ကူးစက်ခံရသူ အရေအတွက်လည်း များလာနေပြီနော်။ အဲ့တော့ ငါတို့ကိုရော ကူးသွားမလားဆိုပြီး စိုးရိမ်ပူပန်နေကြတဲ့ မိဘပြည်သူတွေအတွက် ဝူဟန်ကိုရိုနာဗိုင်းရပ်စ်အကြောင်းနဲ့ ဘယ်လိုကာကွယ်နိုင်မလဲ ဆိုတဲ့ အကြောင်းကို ပြောပြပေးချင်ပါတယ်။

 

ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ဆိုတာ ဘာလဲ။

 

တိရစ္ဆာန်မျိုးစိတ်ပေါင်းများစွာမှာ တွေ့ရတတ်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်ပြီး ယခင်ကတော့ လူတွေကို ကူးစက်နိုင်ခဲ့ခြင်း မရှိသေးပါဘူး။ ပြီးခဲ့တဲ့ ဇန်နဝါရီလ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်ပြီး အသက်ရှူလမ်းကြောင်းတွင်း ဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိခဲ့တယ်ဆိုတဲ့ သတင်းနောက်မှာမှ တဖြည်းဖြည်း ကူးစက်ခံရသူ၊ သေဆုံးသူ အရေအတွက်ပါ များလာရခြင်း ဖြစ်ပါတယ်။ လက်ရှိအချိန်ထိတော့ တိရစ္ဆာန်တွေကနေ ကူးစက်တဲ့ ပိုးအဖြစ်သာ သိထားပြီး ဘယ်တိရစ္ဆာန်လဲဆိုတာ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

 

ကူးစက်ခံရပြီး အစောဆုံး ၂ရက်မှ အကြာဆုံး ၁၄ရက်ထိ ဘယ်လိုလက္ခဏာမှ မပြဘဲ ကိုယ်ခန္ဓာထဲမှာ တိမ်မြုပ်နေတတ်ပါတယ်။ အဲ့ဒီနောက်မှာ ပုံမှန်ဖျားနာသလိုမျိုး လက္ခဏာတွေဖြစ်တဲ့ ချောင်းဆိုးခြင်း၊ ကိုယ်ပူခြင်း၊ အသက်ရှူရခက်ခြင်း၊ အသက်ရှူ ပြတ်တောင်းပြတ်တောင်း ဖြစ်ခြင်း၊ နမိုးနီးယားနဲ့ ကျောက်ကပ်ပျက်စီးခြင်း၊ အသက်ရှူလမ်းကြောင်း ပြဿနာတွေ၊ နောက်ဆုံးမှာ အသက်သေဆုံးသည်အထိ ပြင်းထန်နိုင်ပါတယ်။

 

လေထဲမှ တစ်ဆင့် ကူးစက်တဲ့ ဗိုင်းရပ်စ်ပိုး (Airborne Disease) အဖြစ်မှ ယခုအခါ လူတစ်ယောက်မှ တစ်ယောက်ဆီသို့ လျင်မြန်စွာ ကူးစက်နိုင်တဲ့အဆင့်ထိ ရောက်နေပါပြီ။

 

စိုးရိမ်စရာရှိလား။

 

ကူးစက်ခံရသူရော၊ သေဆုံးသူအရေအတွက်ပါ များနေပြီဆိုပေမဲ့ တကယ်တမ်းမှာ အဲ့လောက်ကြီး စိုးရိမ်စရာမရှိသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ရောဂါပိုးတွေရဲ့ သဘာဝဟာ ကိုယ်ခံအားနည်းတဲ့ သူတွေကို အဓိကပစ်မှတ်ထားပြီး တိုက်ခိုက်တာဖြစ်တဲ့အတွက် ကိုယ့်ရဲ့ကိုယ်ခံအားက ကောင်းနေသ၍ ဘယ်လိုရောဂါပိုးမဆို ကိုယ်ခန္ဓာက ကောင်းကောင်းတိုက်ထုတ်နိုင်မှာပါ။ လက်ရှိအချိန်ထိ သေဆုံးသူများထဲမှာ ကိုယ်ခံအားနည်းသူတွေဖြစ်တဲ့ ကလေးတွေနဲ့ လူကြီးပိုင်းအရွယ်တွေသာ အများဆုံးပါဝင်နေတာကို တွေ့ရပါတယ်။

 

အဲ့တော့ စိုးရိမ်စရာမရှိဘူးဆိုတာနဲ့ပဲ ပေါ့ပေါ့ပဲ နေလို့တော့မရပါဘူး။ လက်ရှိစစ်ဆေးချက်အရ မြန်မာနိုင်ငံအတွင်းကိုပါ ရောဂါပိုးပျံ့နှံ့နေပြီဆိုတဲ့အတွက်ကြောင့် မိဘပြည်သူတိုင်း ကိုယ့်ဘက်က တတ်နိုင်သလောက် ကာကွယ်မှုတွေ၊ ပြင်ဆင်မှုတွေ လုပ်ထားဖို့ လိုအပ်လာပါပြီ။

 

ဘာတွေ အဓိကပြင်ဆင်ရမလဲ။

 

၁။ လူသူများလွန်းတဲ့ နေရာတွေကို သွားတာရှောင်ကြဉ်ရပါမယ်။ (ကူးစက်ခံရသူဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အရမ်းကို များလွန်းနေပြီဆိုရင်တော့ ကျောင်း၊ ရုံး၊ ဆိုင်တွေ ပိတ်ထားမှာဖြစ်ပြီး ကိုယ့်အိမ်မှာ ကိုယ်အနားယူရင်း အပြင်သွားတာမျိုး လုံးဝရှောင်ကြဉ်ရမှာပါ)။

 

၂။ ဘာပဲကိုင်ပြီးပြီး လက်ဆေးပါ။ မသန့်ရှင်းတဲ့လက်နဲ့ မျက်လုံးတွေပွတ်တာ၊ ပါးစပ်ထဲ လက်ထည့်တာ၊ နှာခေါင်းပွတ်တာ၊ အစာစားတာမျိုး လုံးဝမလုပ်ပါနဲ့။ လက်အလွယ်တကူ ဆေးလို့မရတဲ့ နေရာမျိုးမှာ ရေမလိုလက်သန့်စင်ဆေးရည်နဲ့ အသုံးပြုပေးနိုင်ပါတယ်။

 

၃။ ကိုယ်ခံအားကောင်းအောင် နေထိုင်ပါ။ အဓိက အိပ်ချိန်မှန်ရမယ်။ အစာအာဟာရကို စုံလင်စွာ စားသောက်ရမယ်။ အရက်၊ ဆေးလိပ်၊ ကွမ်းစတာတွေကို တတ်နိုင်သလောက် ဖြတ်ထားပါ။ အားကစား၊ လေ့ကျင့်ခန်းများများလုပ်ပါ။

 

၄။ ကိုယ့်ကိုယ်ကိုယ် နေမကောင်းဖြစ်နေတယ်လို့ သံသယရှိရင် အိမ်မှာပဲနေပါ။ မဖြစ်မနေ အပြင်ထွက်ရမယ်ဆိုရင်လည်း လက်ကိုင်ပဝါတစ်ထည် ဆောင်ယူသွားပြီး ချောင်းဆိုး၊ နှာချေတိုင်း လက်ကိုင်ပဝါနဲ့ ပါးစပ်၊ နှာခေါင်းကို အုပ်ထားပါ။ ကိုယ့်ကြောင့် တခြားသူတွေ ဒုက္ခရောက်အောင် မလုပ်ပါနဲ့။ အဖျားမပျောက်ဘူး သို့မဟုတ် ဝူဟန်ပိုးကူးစက်ခံရပြီလို့ထင်ရင် ဆေးရုံဆေးခန်းကို အမြန်ဆုံးသွားရောက်စစ်ဆေးပြီး ကုသမှုခံယူပါ။

 

၅။ အပြင်သွားတော့မယ်ဆိုရင် Mask ကို စနစ်တကျ တပ်ဆင်သွားပါ။ လက်ရှိအချိန် ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကို အကောင်းဆုံးကာကွယ်ပေးနိုင်တာကတော့ N95 Mask ပါပဲ။ ငွေကြေးအခက်အခဲကြောင့် မတတ်နိုင်ဘူးဆိုရင် ရိုးရိုး Surgical Mask တွေကို နည်းစနစ်မှန်မှန်နဲ့ အသုံးပြုနိုင်ပါတယ်။

 

ဘယ်ရောဂါမဆို မဖြစ်ခင် ကြိုတင်ကာကွယ်တာ အကောင်းဆုံးပဲမို့ ကိုယ့်ရဲ့ ကိုယ်ခံအားစနစ်ကို အမြဲကောင်းနေအောင် ဂရုစိုက်ဖို့ လိုမယ်ဆိုတာ သတိထားပေးပါနော်။

 

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်