နေပြည်တော် ၂ ဖေဖော်ဝါရီ

 

Corona Virus ဖြစ်ပွားလျက်ရှိသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့၌ ပိတ်မိနေသော မြန်မာပညာသင် ၆၃ ဦးအနက် ၅၉ ဦးသည် ၂-၂-၂၀၂၀ ရက် နံနက် ၄:၁၅ နာရီတွင် ဝူဟန်မြို့မှ မန္တလေးမြို့သို့ အထူးလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိခဲ့ကြောင်းနှင့် ကျန်ရစ်ခဲ့သူများအနက် ၁ ဦးမှာ တရုတ်နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် မညီညွတ်ခြင်းကြောင့် လည်းကောင်း၊ ၁ ဦးမှာ ပြည်နယ်ပြင်ပ ရောက်ရှိနေသောကြောင့် လည်းကောင်း၊ ကျန် ၂ ဦးမှာ ကိုယ်အပူချိန် မြင့်မားနေသဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ခံယူရန် လိုအပ်သောကြောင့် လည်းကောင်း လိုက်ပါလာနိုင်ခြင်း မရှိကြောင်း သိရှိရပါသည်။

 

မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် ကျောင်းသူ/ ကျောင်းသားများအား မန္တလေးမြို့ရှိ ကန်တော်နဒီဆေးရုံတွင် သီးခြားထားရှိကာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် စောင့်ကြည့်မှု လုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက်ထားလျက် ရှိကြောင်း သိရှိရပါသည်။

 

Credit>Ministry of Foreign Affairs Myanmar