ဟုမ္မလင်း ၇ မတ်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီရုံးခန်း၌ ယနေ့ မွန်းလွဲ ၁ နာရီက ဝူဟန်(နိုဘယ်ကိုရိုနာ) ဗိုင်းရပ်(စ်)အကြောင်း အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးထင်ကျော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်က ကျန်းမာရေးနှင့် ပတ်သတ်သည့် လုပ်ငန်းများ အသိပညာပေး ဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးရမ်းခိုက ဝက်ရောဂါနှင့်ပတ်သတ်၍ သိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ် ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းနိုင်ထွန်းမှ ကမ္ဘာ၌ လက်ရှိဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်(စ်)နှင့် ပတ်သတ်၍ သိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး(၁) ဦးတင်မောင်ဝင်းက ကိုရိုနာဗိုင်းရပ်(စ်)ရောဂါများနှင့် ပတ်သတ်၍ ဆောင်ရန်၊ ရှောင်ရန်၊  ကြိုတင်ကာကွယ်ရန် အသိပညာပေးဟောပြောခဲ့ကြပြီး လက်တွေ့သရုပ်ပြသခြင်းနှင့် တက်ရောက်လာသူများကို mask ၊ တစ်ခါသုံး လက်အိပ်များကို ဖြန့်ဝေပေးခဲ့သည်။

 

အဆိုပါဟောပြောပွဲသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် ဝန်ထမ်းများ၊ ခုတင်(၁၀၀)ဆံ့ ပြည်သူဆေးရုံအုပ်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်မှူးရေးများ၊ စျေးသူ/ဈေးသားများ၊ မြို့ပေါ်ရှိ  တည်ခိုးခန်းပိုင်ရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

လင်းလင်း(ပြန်/ဆက်)