ယာဉ်အန္တရာယ်ကင်းဝေးရေး အလေးထား

နေပြည်တော် ၆ ဇွန်

 

မြန်မာနိုင်ငံတွင် ယာဉ်တိုက်မှုအန္တရာယ်များ နေ့စဉ်ဖြစ်ပွားလျက်ရှိပြီး ယာဉ်နှင့်အတူ လူတို့လည်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားနေသည်ကို မြင်တွေ့ကြားသိနေရသည်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေး သက်ဆိုင်ရာတို့က အထူးအလေးထား ဆောင်ရွက်နေသော်လည်း ယာဉ်တိုက်မှုများ တိုးတက်ဖြစ်ပေါ်နေသည်မှာ ယာဉ်မောင်းသူများအသိအမြင် ဗဟုသုတနည်းပါးမှု၊ ယာဉ်စည်းကမ်းလိုက်နာမှု အားနည်းခြင်းတို့ကြောင့် ဖြစ်ရသည်ဟု ဆိုနိုင်သည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် မှန်ကန်သောအချက်ပြမီး တစ်ပြေးညီ ကျင့်သုံးရေးမေးခွန်းကို လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခဲ့ရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဖြေကြားခဲ့သည်။ ယာဉ်အန္တရာယ်ဖြစ်ပွားရခြင်း အကြောင်းအရင်းများတွင် သတ်မှတ်ထားသော ယာဉ်စည်းကမ်းကို လိုက်နာရန် ပျက်ကွက်သောကြောင့် ဖြစ်ပွားရပြီး ယင်းတွင် မှန်ကန်သော အချက်ပြမီး အသုံးမပြုသောကြောင့် ဖြစ်ရသည်လည်း ပါဝင်သည်။

 

လမ်းမကြီးများပေါ်တွင် သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းနှင်ရေး၊ ယာဉ်အသုံးပြုသူများ ခါးပတ်ပတ်ရေး၊ ကုန်တင်ယာဉ်တွင် လူမတင်ရေး၊ လူတင်ယာဉ်တွင် ကုန်မတင်ရေး၊ သတ်မှတ်လမ်းကြောင်းအတိုင်း မောင်းနှင်ရေးတို့အပြင် မှန်ကန်သော အချက်ပြမီးသုံးစွဲရေးတို့ကို အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း လိုက်နာမှုအားနည်းနေသောကြောင့် ယာဉ်အန္တရာယ်ဖြစ်ပွားနေရသည်ကို တွေ့ရမည်ဖြစ်သည်။

 

မော်တော်ယာဉ်များ မောင်းနှင်ရာ၌ အချက်ပြမီးများ အမှန်သုံးစွဲရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ပြေးညီ စတင်ပြောင်းလဲကျင့်သုံးနိုင်ရန်အတွက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီက စတင်အသုံးပြုရမည့် ယမန်နှစ် စက်တင်ဘာလ ၁ ရက် မတိုင်မီ ဇွန်လ ၉ ရက်မှစတင်၍ ပြန်ကြားရေးဝန်ကြီးဌာနမှတစ်ဆင့် နိုင်ငံပိုင်မီဒီယာများနှင့် ပုဂ္ဂလိကမီဒီယာများတွင် နှိုးဆော်အသိပေးခဲ့ပြီး ဖြစ်သည်။ သို့သော် အချက်ပြမီးအမှန်ကို အမှန်တကယ်လိုက်နာကျင့်သုံးမှု အားနည်းနေသေးသည်ကို တွေ့ရသည်။

 

အချက်ပြမီးကို မှန်ကန်စွာအသုံးပြုရေးတွင် ယာဉ်မောင်းများအနေဖြင့် လိုက်နာမှုမရှိခြင်းထက် မှန်ကန်စွာ အသုံးပြုတတ်မှုမရှိခြင်းနှင့် အသုံးပြုရန်အလေ့အထ အားနည်းနေသည်ကို တွေ့ရသည်။ ထို့ကြောင့်အချက်ပြမီး မှန်ကန်စွာအသုံးပြုတတ်ရေး၊ မဖြစ်မနေအသုံးပြုရေးတို့ကို လိုက်နာဆောင်ရွက်ရန်အတွက် ဆက်လက်ကြပ်မတ်သွားရမည်ဖြစ်သည်။ ပညာပေးရေး၊ စစ်ဆေးအရေးယူရေးတို့ကို ယာဉ်ထိန်းရဲတပ်ဖွဲ့ တစ်ခုတည်းဖြင့် ဆောင်ရွက်ခြင်းဖြင့် မလုံလောက်ဘဲ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများအားလုံး ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။

 

အထူးသဖြင့် အဝေးပြေးလမ်းမကြီးများ၊ အမြန်လမ်းမကြီးများပေါ်တွင် မောင်းနှင်နေကြသော ကုန်တင်ယာဉ်ကြီးများ၊ ခရီးသည်တင်ယာဉ်များနှင့် အိမ်စီးယာဉ်များ၏ ယာဉ်မောင်းများအား အထူးအလေးထားကာ ပညာပေးမှုများ၊ အရေးယူမှုများ ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ ထို့အပြင် ယာဉ်မောင်းလိုင်စင်ဝင်ခြင်းနှင့် ယာဉ်မောင်းလိုင်စင်ဝင် သင်တန်းများတွင် ပညာပေးအစီအစဉ်များကို ဦးစားပေးထည့်သွင်းပြီးယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲများတွင် အချက်ပြမီးအမှန်သုံးစွဲရေးကို ဦးစားပေး ဟောပြောကြရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ ယာဉ်အန္တရာယ်ကင်းဝေးရေးအတွက် အချက်ပြမီး အမှန်သုံးစွဲရေးကို နည်းလမ်းမျိုးစုံဖြင့် ပညာပေးနှိုးဆော်ခြင်း၊ အရေးယူဆောင်ရွက်ခြင်းများအား သက်ဆိုင်ရာတို့က အလေးထားဆောင်ရွက်နေရာတွင် ယာဉ်မောင်းသူများအားလုံးမှာ အဓိကကျသောကြောင့် အသိစိတ်ဓာတ်ရှိရှိ ပူးပေါင်းပါဝင်ခြင်းဖြင့် အမှန်သို့လိုက်ပါ ပြောင်းလဲကျင့်သုံးရန် အထူးအရေးကြီးပါကြောင်း။

 ကြေးမုံ