ကမ္ဘာပေါ်တွင် လူအများထိခိုက်သေဆုံးမှု အဖြစ်အများဆုံးအန္တရာယ်သည် ယာဉ်အန္တရာယ်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ လမ်းများပေါ်၌ ယာဉ်မတော်တဆမှုများ နေ့စဉ်ဖြစ်ပွားရာတွင် လူအများ ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှုများဖြစ်ပေါ်ခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း ယာဉ်မတော်တဆမှုများ နေ့စဉ်ဖြစ်ပွားခဲ့ပြီး ယခုအခါ ယခင်ကာလများထက်စာလျှင် ယာဉ်မတော်တဆမှုနှင့် ထိခိုက်သေဆုံးမှုများ လျော့နည်းသွားခဲ့သည်။
၂၀၂၃ ခုနှစ် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်မတော်တဆမှု လေ့လာတင်ပြချက်များကို သုံးသပ်လျက် ကမ္ဘာတစ်ဝန်း၌ ယာဉ်တိုက်မှုကြောင့် သေဆုံးမှုသည် ၂၀၁၈ ခုနှစ်နောက်ပိုင်းတွင် ကျဆင်းလာသကဲ့သို့ မြန်မာနိုင်ငံ၌လည်း ၂၀၁၇ ခုနှစ် နောက်ပိုင်းမှစ၍ နှစ်စဉ်ဆက်တိုက် ကျဆင်းခဲ့သည်။ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လူဦးရေတစ်သိန်းလျှင် ကြိတ်နှုန်း အတိုင်းအတာဖြင့် ၂၀၂၁ ခုနှစ်တွင် ၁၅ ဦးနှုန်းအထိ ကျဆင်းသွားခဲ့သည်။ မြန်မာနိုင်ငံ၌ လူဦးရေ ၅ ဒသမ ၇၁ ဦးနှုန်းအထိ ကျဆင်းခဲ့သည်။
ကမ္ဘာတစ်ဝန်း၌ နှစ်ဘီးနှင့် သုံးဘီးတပ်ယာဉ်တိုက်မှုကြောင့် သေဆုံးမှုသည် ၂၁ ရာခိုင်နှုန်းခန့်ရှိသော်လည်း အရှေ့တောင်အာရှ ဒေသနိုင်ငံများ၌ ၄၈ ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံ၌ ၄၅ ရာခိုင်နှုန်းရှိနေသည်။ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ပထမ ၁၀ နှစ်ဖြစ်သော ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိကာလအတွင်း ရည်မှန်းချက်အခြေခံနှစ် ၂၀၁၀ ပြည့်နှစ်၏ ယာဉ်တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် သေဆုံး၊ ဒဏ်ရာရမှုနှုန်းကို ၂၀၂၀ ပြည့်နှစ်တွင် ၅၀ ရာခိုင်နှုန်းအထိ လျှော့ချရေးရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်နိုင်ခဲ့သည့် နိုင်ငံပေါင်း ၁၀ နိုင်ငံရှိပြီး မြန်မာနိုင်ငံအပါအဝင် နိုင်ငံအများစုမှာ ပြည့်မီအောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကဏ္ဍ၌ ရေရှည်အထောက်အကူပြု လွှမ်းခြုံ ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းစီမံချက် (၂၀၂၁-၂၀၃၀) ကို ကဏ္ဍကြီး (၈) ရပ်၊ လုပ်ငန်းစဉ်ပေါင်း ၁၀၈ ခုတို့ဖြင့် ရေးသားပြုစု ချမှတ်ထားပြီးဖြစ်သည်။ NRSC ကချမှတ်ထားသည့် Quick Win အစီအမံ ငါးရပ်နှင့် လုပ်ငန်းစီမံချက် ၂၀၂၁-၂၀၃၀ တို့သည် ကမ္ဘာလုံးဆိုင်ရာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးမဏ္ဍိုင်ကြီး (၅) ရပ်ဖြစ်သည့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကြီးကြပ်မှု၊ ပိုမိုအန္တရာယ်ကင်းသောလမ်းများနှင့် ယာဉ်သွားလာမှု၊ ပိုမိုအန္တရာယ် ကင်းသော ယာဉ်များ၊ ပိုမိုအန္တရာယ်ကင်းသောလမ်း အသုံးပြုသူများနှင့် ယာဉ်တိုက်မှုဖြစ်ပြီးပြီးချင်း တုံ့ပြန်ဆောင်ရွက်မှုတို့ အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြုစုထားသည့်အချက်များပါအတိုင်း ရေးဆွဲချမှတ်ထားသည်။
ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် လျော့ပါးကင်းဝေးလာရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်မှုများနှင့် စည်းကမ်းဖောက်ဖျက်မှုများကို စနစ်တကျစောင့်ကြည့်မှုများ၊ အရေးယူဆောင်ရွက်မှုများ၊ ပြည်သူများအား အသိပညာပေးမှုများ၊ ယာဉ်အန္တရာယ်ဖြစ်ပွားပါက အရေးပေါ်ဆောင်ရွက်ရမည့်အချက်များကို ပြည်သူများသိရှိနိုင်ရေးအတွက် အသိပညာပေးဆောင်ရွက်ထားရှိမှုများ၊ ရှေးဦးပြုစုခြင်းသင်တန်း ဖွင့်လှစ်ပေးမှုများနှင့် လမ်းညွှန်၊ လမ်းအမှတ်အသားနှင့် အချက်ပြများ ပြင်ဆင်ဆောင်ရွက်ထားမှုများသည် အရေးကြီးသော လုပ်ငန်းစဉ်များဖြစ်သည်။ အထူးသဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း ရေးအတွက် ပြည်သူများအား အသိပညာပေးရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် လိုအပ်သည်။
မြန်မာနိုင်ငံတွင် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီကို ဖွဲ့စည်းထားပြီး လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများအလိုက် ယာဉ်တိုက်မှု လျော့နည်းကျဆင်းသွားရေးအတွက် မြန်မာနိုင်ငံ၏ National Road Safety Action Plan(2021-2030) လုပ်ငန်းစီမံချက်ပါ အဓိကရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များအတိုင်း မျက်ခြည်မပြတ် ဆောင်ရွက်လျက်ရှိရာ ယခင်နှစ်များကထက် တိုးတက် အောင်မြင်မှုများ ရရှိဖြစ်ထွန်းလာသည်ဟု ဆိုနိုင်သည်။ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်နှင့်ပတ်သက်၍ မော်တော်ယာဉ်ထူထပ်သော မြို့ပြဒေသများတွင်သာမက အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်လည်း ဖြစ်ပွား လျက်ရှိရာ ယာဉ်နှင့်လူတို့၏ ချို့ယွင်းအားနည်းချက်များကြောင့် အဖြစ်များသည် ကို တွေ့ရသည်။
သို့ဖြစ်ရာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် လျော့နည်းကျဆင်းရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများက နှစ်စဉ်အလေးထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယာဉ်တိုက်မှုကြောင့် လူထိခိုက်သေဆုံးမှုများ ပိုမိုလျော့နည်း ကျဆင်းလာစေရန်အတွက် ယာဉ်၊ လမ်း စည်းမျဉ်းစည်းကမ်းများ၊ ယာဉ်မောင်းသူနှင့် လမ်းအသုံးပြုသူတို့ မပျက်မကွက် လိုက်နာဆောင်ရွက်ရမည့်အချက်များကို ယခုထက်ပိုမို၍ အသိပညာပေး ဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
ကြေးမုံ