ရန်ကုန် ၁၀ ဇွန်
ယာဉ်စီးခကို ကတ်စနစ်ဖြင့် ငွေပေးချေရန် ဝိုင်ဘီအက်စ်နှင့် ညီညွတ်မည့် စနစ်တစ်ရပ်ကို အကောင်အထည်ဖော်မည့် ကုမ္ပဏီအား ရွေးချယ်ခဲ့ပြီးဖြစ်၍ မကြာမီမှာပင် စာချုပ်ချုပ်ဆိုပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။
ဇွန်လ ၈ ရက်နေ့တွင် ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဒဂုံဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ၏ မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ဝန်ကြီးက ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့နှင့် ပတ်သက်သော လိုက်နာကျင့်သုံးရမည့် ဥပဒေနှင့် နည်းဥပဒေများ တိကျစွာပေါ်ထွက်လာရေး မည်သို့စီမံဆောင်ရွက်ထားကြောင်း နှင့် လွှတ်တော်တွင် ဆွေးနွေးနိုင်မည့်နေ့ရက်အား သိရှိလိုပါကြောင်း၊ ဝိုင်ဘီအက်စ်စနစ် ပြောင်းလဲစဉ်က ကားခ ငွေပေးချေနိုင်မည့် ငွေဖြည့်ကတ်စနစ်အား သုံးလအတွင်း ကျင့်သုံးမည်ဟု သိရှိရသော်လည်း ယနေ့ထိတိုင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးသည်မှာ မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုပါကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကွပ်ကဲမှု အာဏာပိုင်အဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ယာဉ်ကျောကြပ်တည်းမှုအား အတိုင်းအတာတစ်ရပ်အထိ ဖြေရှင်းရေးနှင့် ဝိုင်ဘီအက်စ်ယာဉ်များ စည်းကမ်းထိန်းသိမ်းရေးအတွက် ဒဂုံမြို့နယ် အလုံလမ်းတွင် ဆောင်ရွက်နေသော ခေတ်မီမီးပွိုင့်စနစ် ထိန်းချုပ်ရေးစင်တာအနေဖြင့် မည်သည့်နေ့ရက်တွင် တည်ဆောက် ပြီးစီးမည်ဖြစ်ကြောင်းကို သိရှိလိုကြောင်း မေးမြန်းခဲ့သည်။
ထိုသို့မေးမြန်းမှုအပေါ် တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြန်လည်ဖြေကြားရာတွင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသော သယ်ယူပို့ဆောင်ရေးကဏ္ဍနှင့် ဆက်စပ်လျက်ရှိသည့် လုပ်ငန်းများအား ကြီးကြပ်နိုင်ရန် စတင်ဖွဲ့စည်းခဲ့သည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပါကြောင်း၊ ရည်မှန်း ချက်နှင့်ညီညွတ်သော အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းနိုင်ရေး၊ အနာဂတ်ကာလ၌ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများအပေါ်တွင် အကောင်အထည် ဖော်ဆောင်နိုင်သော အဖွဲ့အစည်းဖြစ်ရေးနှင့် အခြားနိုင်ငံများ၏ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့များ၏ လုပ်နည်းလုပ်ဟန်များအပေါ်တွင်ပါ လေ့လာဆောင်ရွက်နိုင်ရေးတို့အတွက် အေဒီဘီ၏ အထောက်အကူပြု အဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းပြီး လုပ်ငန်းတာဝန်များ လျာထားခြင်းနှင့် ဖွဲ့စည်းပုံများရေးဆွဲနိုင်ရန် စသည်တို့ကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ လိုအပ်သော ဥပဒေ၊ နည်းဥပဒေများ ပေါ်ထွက်လာရေးအတွက် ဆောင်ရွက်လျက်ရှိပြီး ၂၀၁၉ ခုနှစ်တွင် လွှတ်တော်သို့ တင်ပြမည်ဖြစ်ကြောင်း၊ လိုအပ်သော ဥပဒေတစ်ရပ် မပြုစုနိုင်သေးမီ ဝိုင်အာတီအေ၏ ကြီးကြပ်ကွပ်ကဲမှုအောက်တွင် ရှိနေသော မော်တော် ယာဉ်များ၊ ရေလမ်းပို့ဆောင်ရေး၊ ကုန်လမ်းပို့ဆောင်ရေး အစရှိသော မော်တော်ယာဉ်များ၊ မီးရထားများ အပါအဝင် အားလုံးကို လက်ရှိတည်ဆဲ ပြည်ထောင်စုဥပဒေများနှင့် စီမံဆောင်ရွက်လျက် ရှိပါကြောင်း၊ ဝိုင်ဘီအက်စ် စနစ်စတင် ပြောင်းလဲစဉ်က ငွေဖြည့်ကဒ်စနစ်ကို သုံးလအတွင်း ကျင့်သုံးနိုင်အောင် အကောင်အထည် ဖော်သည့်အခါ ယာဉ်စီးခများ မှန်ကန်စွာ ရရှိနိုင်ရေး အရေးကြီးသည်နှင့်အညီ ဝိုင်ဘီအက်စ်စနစ်သို့ ပြောင်းလဲခြင်းမှာ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်တစ်ခု၏ ကဏ္ဍအားလုံးကို ပြောင်းလဲဖော်ဆောင်ရခြင်း ဖြစ်သည့်အလျှောက် မိမိတို့ဒေသနှင့်ကိုက်ညီသော ယာဉ်စီးခပေးချေသည့် ကတ်စနစ်တစ်ခု မှန်မှန်ကန်ကန် ဖြစ်ပေါ်လာစေရေးအတွက် လေ့လာဆွေးနွေး ဆောင်ရွက်ရခြင်း၊ ပွင့်လင်းမြင်သာသော တင်ဒါစနစ် ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံတကာမှ တင်ဒါတွင် ပါဝင်လာနိုင်ရန် စနစ်ကျသော လုပ်ငန်းစဉ်အဆင့်ဆင့်ဆောင်ရွက်ရခြင်း၊ ဝိုင်ဘီအက်စ် ကားစီးခြင်းအတွက်သာမက ကဏ္ဍစုံသုံးစွဲနိုင်ရေး ပြင်ဆင်ရခြင်းတို့ ဆောင်ရွက်ခဲ့ရသောကြောင့် ယခုလို အချိန်ယူရခြင်းဖြစ်ပါကြောင်း၊ ယခုအခါ ယာဉ်စီးခကို ကတ်စနစ်ဖြင့် ငွေပေးချေရန် ဝိုင်ဘီအက်စ်နှင့် ညီညွတ်မည့် စနစ်တစ်ရပ်ကို အကောင်အထည်ဖော်မည့် ကုမ္ပဏီအား ရွေးချယ်ခဲ့ပြီးဖြစ်၍ မကြာမီမှာပင် စာချုပ်ချုပ်ဆိုပြီး ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ခေတ်မီ မီးပွိုင့်ထိန်းချုပ်ရေးစင်တာမှာ မီးပွိုင့်စနစ်သာမက ရန်ကုန်မြို့တွင် သွားလာလျက်ရှိသည့် ယာဉ်ကျောများ အားလုံးကိုပါ စောင့်ကြည့်ထိန်းချုပ်နိုင်ရေးကို ရည်ရွယ်ပြီး ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ခေတ်မီ မီးပွိုင့်စနစ် ထိန်းချုပ်ရေးစင်တာမှာ ယခင်တိုင်းဒေသကြီးအစိုးရ လက်ထက်က စာချုပ်ချုပ်ဆိုကာ စတင်အကောင်အထည်ဖော်သည့် စီမံကိန်းတစ်ရပ်ဖြစ်ပါကြောင်း၊ ကွန်ထရိုးစင်တာ အဆောက်အဦ တည်ဆောက်ခြင်းမှာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ စီစီတီဗွီများဖြင့် စောင့်ကြည့်ခြင်း၊ ရန်ကုန်တိုင်း ဘတ်စ်အော်ပရေတာ၊ ရန်ကုန်ဘတ်စ်ကားများကို ထိန်းချုပ်သည့် စင်တာတို့မှာ လုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ကျန်သည့် မီးပွိုင့်များမှာ ရပ်နားထားသည့် ကားအသွားအလာ၊ ကားအရေအတွက်ကိုလိုက်ပြီး မီးပွိုင့်၏ကြာချိန်စနစ်များကို ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မီးပွိုင့်တစ်ခုနှင့်တစ်ခု ချိတ်ဆက်သည့် အချိတ်အဆက်များကို လက်ရှိတွင် စမ်းသပ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကွန်ထရိုးစင်တာနှင့် မီးပွိုင့် စီစီတီဗီများ ချိတ်ဆက်မှုမှာ တပ်ဆင်အသုံးပြုသည့် ပစ္စည်းများ၏ အရည်အသွေးနှင့် အနေအထားများကို ပြန်လည်စိစစ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ နက်ဝပ်ချိတ်ဆက်မှုများမှာ ပေါင်းစပ်ညှိနှိုင်းမှုများ ပြုလုပ်နေပါကြောင်း၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်မှ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့် တိုက်ရိုက်ချိတ်ဆက်ပြီး လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ မူလလျာထားချက်အတိုင်း အပြည့်အဝ အသုံးပြုနိုင်မည့် အခြေအနေကို ရောက်ရှိအောင် စဉ်ဆက်မပြတ် အမြန်ဆုံး တွန်းအားပေး ဆောင်ရွက်နေပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
သတင်း- ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း