မန္တလေး ၁၀ မတ်
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နမိတ်အတွင်း ယာဉ်ကြောမပိတ်စေရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ခရီးသည် သယ်ယူပို့ဆောင်သော သုံးဘီးယာဉ်များအတွက် လမ်းကြောင်းများကို မတ်လဒုတိယပတ်မှစတင်၍ ကန့်သတ်လိုက်ကြောင်း သိရသည်။
၂၆ လမ်း၊ ၆၆ လမ်းမှ ၈၆ လမ်းအထိ၊ သိပ္ပံလမ်း ၆၆ လမ်းမှ ၇၈ လမ်းအထိ၊ ၆၆ လမ်း ၁၂ လမ်းမှ ၂၇ လမ်းအထိ၊ ၇၃ လမ်း ၂၆ လမ်းမှ ၃၅ လမ်းအထိ၊ ၇၈ လမ်း ၂၆ လမ်းမှ သိပ္ပံလမ်းအထိ၊ လမ်း ၈၀၊ ၁၂ လမ်းမှ ၂၆ လမ်းအထိ၊ ၈၄ လမ်း ၂၆ လမ်းမှ ၃၅ လမ်းအထိနှင့် မန္တလေးတောင် အတက်အဆင်းလမ်းများကို ခရီးသည် သယ်ယူပို့ဆောင်သည့် သုံးဘီးယာဉ်ငယ်များ မောင်းနှင်ခွင့်မပြုကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အခွန်ဌာနက အသိပေးကြေညာထားသည်။
မန္တလေးမြို့တွင် အနှေးယာဉ် ဆိုက်ကားနှင့် မြင်းလှည်းများ လျော့နည်းသွားပြီး အိန္ဒိယနှင့် တရုတ်နိုင်ငံများမှ တင်သွင်းသော သုံးဘီးယာဉ်ငယ်များ အစားထိုးသုံးစွဲလာရာ လမ်းမကြီးများပေါ်တွင် မဆင်မခြင် မောင်းနှင်ခြင်းများ၊ ယာဉ်ကြောပြောင်းပြန် မောင်းနှင်ခြင်းများ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဖောက်ဖျက်မှုများလာသဖြင့် သုံးဘီးယာဉ်ငယ်များ မောင်းနှင်ခွင့်မရှိသည့် လမ်းများကို ကန့်သတ်ခြင်းဖြစ်ကြောင်း သိရသည်။
မောင်ပြည်သူ(မန္တလေး)