ဂျေရုဆလင်     ဇူလိုင်     ၉

အစ္စရေးနှင့်  ဟားမတ်စ်အကြား  ဂါဇာဒေသတွင်  ယာယီ အပစ်အခတ်ရပ်စဲရေးရရှိပါက အစ္စရေးက ထာဝရအပစ်အခတ် ရပ်စဲရေးအတွက် ဆောင်ရွက်မည်ဟု အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဂီဒုန်ဆားက ဇူလိုင် ၉ ရက်တွင် ပြောကြားသည်။ 

စလိုဗက်ကီးယားနိုင်ငံမြို့တော်   ဗရက်တစ်လာဗာတွင် စလိုဗက်ကီးယားနိုင်ငံခြားရေးဝန်ကြီးနှင့်    တွေ့ဆုံပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲကျင်းပစဉ် ဂီဒုန်ဆားက အထက်ပါအတိုင်း ပြောကြား ခြင်းဖြစ်သည်။

ဓားစာခံများလွတ်မြောက်ရေးနှင့် ဂါဇာဒေသတွင် အပစ်အခတ်ရပ်စဲရေးရရှိရေးဆောင်ရွက်ရန်   အစ္စရေးက စိတ်အားထက်သန်နေသည်ဟု ၎င်းက ပြောကြားသည်။ အစ္စရေးဝန်ကြီး ချုပ်    နေတန်ယာဟုနှင့်    အမေရိကန်သမ္မတ   ထရမ့်တို့အကြား ဝါရှင်တန်တွင်      အစည်းအဝေးများ ကျင်းပပြီး  အစ္စရေးနိုင်ငံခြားရေးဝန်ကြီး၏  ပြောကြားချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

 လက်ရှိအချိန်တွင် အစ္စရေးကိုယ်စားလှယ်အဖွဲ့သည် ဟားမတ်စ်အဖွဲ့နှင့် ရက် ၆၀ ကြာ အပစ်အခတ် ရပ်စဲရေးဆောင်ရွက်ရန် ဆွေးနွေးနေသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ