ပရီမီယာလိဂ်ပွဲစဉ် (၁၆) မှ နော့ဝှစ်ချ်နှင့် မန်ယူအသင်းတို့ပွဲစဉ်ကို ဒီဇင်ဘာ ၁၂ ရက်နံနက်ပိုင်းက နော့ဝှစ်ချ်အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ မန်ယူအသင်းက စီရော်နယ်ဒို၏ ပယ်နယ်တီ သွင်းဂိုးဖြင့် နော့ဝှစ်ချ်အသင်းကို အနိုင်ရရှိခဲ့သည်။ စီရော်နယ်ဒိုသည် ယာယီနည်းပြ ရန်းနစ်ခ်လက်ထက်တွင် ဂိုးသွင်းယူနိုင်ခဲ့သောကြောင့် ဂျိမ်းစ်ဟန်ဆန်၊ ဂျိုးစပန့်စ်တို့ပြီးနောက် တစ်ရာသီအတွင်း မတူညီသည့် မန်ယူနည်းပြသုံးဦး လက်လက်၌ ဂိုးသွင်းယူနိုင်သည့် တတိယမြောက်ကစားသမားအဖြစ် မှတ်တမ်း ဝင်ခဲ့သည်။
မန်ယူအသင်းသည် ယခုပွဲစဉ်တွင် နော့ဝှစ်ခ်ျအသင်းကို အနိုင်ရရှိခဲ့သောကြောင့် ပရီမီယာလိဂ်ပွဲစဉ် (၁၆) အပြီးတွင် ရမှတ် ၂၇ မှတ် ရရှိလာပြီဖြစ်သည်။ ထို့အပြင် မန်ယူအသင်းသည် ယာယီနည်းပြသစ် ရန်းနစ်ခ် တာဝန်ယူကိုင်တွယ်သည့် သုံးပွဲတွင် တစ်ပွဲသရေကျကာ နှစ်ပွဲနိုင်ဖြင့် ရှုံးပွဲမရှိမှတ်တမ်းကို ထိန်းသိမ်းနိုင်ခဲ့သည်။ ယခုပွဲစဉ်တွင် မန်ယူအသင်းသည် တိုက်စစ်တွင် ရက်ဖို့ဒ်နှင့် စီရော်နယ်ဒိုတို့ကို အသုံးပြုသည်။ နော့ဝှစ်ခ်ျအသင်းကလည်း ယခုပွဲစဉ်တွင် အားထားရသည့် ကစားသမားအများစုကို အသုံးပြုခဲ့သည်။
မန်ယူအသင်းမှ တိုက်စစ်မှူး စီရော်နယ်ဒိုသည် ဂိုးရရှိနိုင်သည့် အပိုင်အခွင့်အရေးများကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်းမရှိသည်ကို တွေ့ရသည်။ ထို့အပြင် မန်ယူဂိုးသမား ဒီဂီယာသည် နော့ဝှစ်ချ်အသင်းမှ ပွတ်ခီနှင့် အိုဇန်ကာဘတ်တို့၏ ဂိုးရရှိနိုင်သည့် အခွင့်အရေးများ လက်စွမ်းပြကာကွယ်ထားနိုင်သည်ကို တွေ့ရသည်။ မန်ယူအသင်းသည် ယခုပွဲစဉ်တွင် ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့သည့်အတွက် ပရီမီယာလိဂ် နှစ်ပွဲဆက် ဂိုးမပေးရသည်မှာ ဖေဖော်ဝါရီလမှ မတ်လအတွင်း လေးပွဲဆက် ဂိုးမပေးရ အောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် ပထမဆုံးအကြိမ်ဖြစ်သည်။ ထို့အပြင် ယာယီနည်းပြရန်းနစ်ခ်သည် ၁၉၀၃ ခုနှစ်တွင် အားနက်စ်မန်နေးလ်ပြီးနောက် ပထမဆုံး တာဝန်ယူကိုင်တွယ်သည့် လိဂ်နှစ်ပွဲတွင် နှစ်ပွဲစလုံး ဂိုးမပေးရအောင် စွမ်းဆောင်ထားနိုင်သည့် ဒုတိယမြောက် မန်ယူနည်းပြအဖြစ် မှတ်တမ်း ဝင်ခဲ့သည်။
ယခုပွဲစဉ်တွင် မန်ယူအသင်းသည် နော့ဝှစ်ခ်ျအသင်း၏ တုံ့ပြန်ကစားပုံကောင်းမွန်မှုကြောင့် သွင်းဂိုး ရရှိရန် ရုန်းကန်ခဲ့ရသည်။ ပွဲချိန် ၇၅ မိနစ်တွင် မန်ယူအသင်း ပယ်နယ်တီကန်သွင်းခွင့်ရရှိခဲ့ပြီး စီရော်နယ်ဒိုက အမှားအယွင်းမရှိ အဆုံးသတ်နိုင်ခဲ့သည်။ ထို့နောက်တွင် တစ်ဖက်နှင့်တစ်ဖက် ထပ်မံ ဂိုးသွင်းယူနိုင်ခြင်းမရှိသောကြောင့် မန်ယူအသင်း တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
နော့ဝှစ်ချ်အသင်းသည် လာမည့်ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၁၅ ရက်တွင် အက်စ်တွန်ဗီလာအသင်းနှင့် ကစား ရမည်ဖြစ်ပြီး မန်ယူအသင်းက အဆိုပါရက်တွင် ဘရန့်ဖို့ဒ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ် သည်။ အခြားပွဲစဉ်ရလဒ်များအဖြစ် ဘန်လေနှင့် ဝက်စ်ဟမ်း ဂိုးမရှိသရေဖြစ်ပြီး လက်စတာက နယူးကာဆယ် ကို လေးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။
အောင်ဇော်