မြဝတီ ၉ ဇွန်

 

ကိုရိုနာဗိုင်းရပ်စစ်(ကိုဗစ်-၁၉)ရောဂါ ဖြစ်ပွားမှုကြောင့် ယာယီရပ်ဆိုင်းထားခဲ့ရသည့် ယာဉ်နှင့် ယာဉ်မောင်းလိုင်စင်သက်တမ်း တိုးခြင်းလုပ်ငန်းနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများကို မြဝတီခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာနအနေဖြင့် ဇွန်လ ၈ ရက်နေ့မှစတင်ပြီး ပြန်လည်ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဝန်ဆောင်မှုလုပ်ငန်းများကို မတ်လ ၃၀ ရက်နေ့မှစပြီး ယာယီရပ်ဆိုင်းထားရကာ လူစုလူဝေးဖြင့် ဆောင်ရွက်ရသည့် ယာဉ်မောင်းလိုင်စင် စစ်ဆေးထုတ်ပေးသည့် လုပ်ငန်းတစ်ခုမှအပ ကျန်ဝန်ဆောင်မှုလုပ်ငန်းများကို ပြန်လည်ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။

 

လုပ်ငန်းပြန်လည်ဆောင်ရွက်သည့်နေရာမှာ ရုံးဝန်ထမ်းများနှင့် လာရောက်ဆောင်ရွက်သည့် ပြည်သူများ အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ကြောင်း သိရသည်။

 

ထို့အပြင် ဝန်ဆောင်မှုလုပ်ငန်းများ ယာယီရပ်ဆိုင်းထားရသည့် ကာလအတွင်းမှာ သက်တမ်းကုန်ဆုံးသွားသည့် မော်တော်ယာဉ်နှင့် ယာဉ်မောင်းလိုင်စင်များအတွက် ဒဏ်ကြေးပေးဆောင်စရာမလိုပဲ သတ်မှတ်ကာလအတွင်းမှာ လာရောက်ဆောင်ရွက်ကြဖို့လိုပြီး မဆောင်ရွက်ပါက ဒဏ်ကြေးလျော့ပေါ့ပေးမည် မဟုတ်ကြောင်း မြဝတီခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဦးသံခဲ က ပြောသည်။

 

ထိန်လင်းအောင်(ပြန်/ဆက်)