တင်ဝင်းလေး

၂၀၁၆ ခုနှစ်အတွင်းက လက်ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ဖွင့်လှစ်ပေးခဲ့သော ရန်ကုန်ကမ်းနား ညဈေးကို ယခုအခါ Yangon Night Market ဟု အင်္ဂလိပ်အခေါ်အဝေါ် ခေတ်ဆန်ဆန်ဖြင့် သြဂုတ်လအတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်တည်ဆောက်နေပြီဖြစ်ကြောင်း သိရသည်။

တစ်ချိန်က ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းနိုင်ရေးနှင့် လမ်းဘေးဈေးသည်များကို စနစ်တကျ နေရာအတည်တကျ ရောင်းချနိုင်ရေးအတွက် ရည်ရွယ်၍ ဗိုလ်တထောင်မြို့နယ်မှ လမ်းမတော်မြို့နယ်အထိ ကမ်းနားလမ်းတစ်လျှောက် နေရာပေး ရောင်းချစေခြင်းဖြစ်သည်။

ဖွင့်စပထမကာလ၌ စည်စည်ကားကား ရှိခဲ့သော်လည်း တဖြည်းဖြည်း အရောင်းအဝယ် ပါးလာခြင်းနှင့်အတူ ဈေးတန်းမှာ ခြောက်ကပ်လာခဲ့သည်။ ယာဉ်ရပ်နားရန် ခက်ခဲခြင်း၊ ယာဉ်ကြီးများ သွားလာရာ လမ်းမကြီးဖြစ်သဖြင့် စားသုံးသူများက ယာဉ်အန္တရာယ်ကို စိုးရိမ်ရခြင်း၊ မိုးတွင်းအခါ၌ မိုးရေနှင့် ဒီရေဆုံတွေ့ပါက ဈေးတန်းတစ်လျှောက် ရေများကြောင့် အရောင်းအဝယ်မကောင်းကြောင်း ဈေးရောင်းသူများက ပြောခဲ့ဖူးသည်။

ယခုအခါ ဈေးတန်းမှာ ဈေးရောင်းသူများ တစ်စတစ်စ ပျောက်ကွယ်လာပြီး ဈေးအခင်းအကျင်း အမိုးအကာတို့မှာလည်း လေဒဏ်၊ မိုးဒဏ်၊ နေဒဏ်တို့ဖြင့် စုတ်ပြတ်၍ အရောင်အဆင်း မှေးမှိန်လျက်ရှိနေကာ အချို့သောဆိုင်များမှာ မိသားစု နေထိုင်ရာတဲများအဖြစ် ပြောင်းလဲလာနေပြီကို တွေ့မြင်နေရသည်။

 

ပြီးခဲ့သောလများအတွင်းက စတင်ကာ ယခင် ခြောက်ထပ်ရုံးဟု ခေါ်ဆိုသော ရုံးကြီးရှေ့ တစ်လျှောက် ကမ်းနားဘက်အခြမ်းတွင် လှပသော ဒီဇိုင်းဆန်းများဖြင့် ဗီနိုင်းများ ကာရံထားသည်ကို လိုင်းကားစီးသွားရာမှာ သတိပြုမြင်တွေ့လာခဲ့သည်။

ထိုဗီနိုင်းပေါ်တွင် A25 Myanmar Development Co, Ltd ဟု စာတန်းအပြင် လှပသော ရောင်စုံစာလုံးဖြင့် Yangon Night Market  ဟု ရေးထိုးထားသည်ကို တွေ့လာရသည်။

အကောင်အထည်ဖော်နေ

ဧပြီလဆန်းလောက်မှစတင်ကာ လုပ်ငန်းများ စတင်လုပ်ကိုင်နေပြီကို သွားလာရင်းက တွေ့ရသည်။ သတင်းစနည်းနာကြည့်ရာတွင် ထိုစာတန်း ထိုးထားသော ကုမ္ပဏီကပင် ငွေကျပ်နှစ်ဘီလီယံ အကုန်အကျခံ၍ Yangon Night Market  အဖြစ် အကောင်အထည်ဖော်နေကြောင်း သိရသည်။

တီထွင်ထည့်သွင်းထား

ယခုအခါ အလှမီးတိုင်များ အစီအရီစိုက်ထူထားသကဲ့သို့ အသစ်တစ်ဖန် ပြန်လည်ဖွင့်လှစ်တော့မည့် ဈေး၏ စီမံရေးရာရုံးခန်း၊ တစ်ဖက်တစ်ချက်တွင် ဘဏ်အသီးသီးမှ ATM ငွေထုတ်စက်များ၊ ငွေချိန်းကောင်တာများ ထားရှိမည့်အပြင် ဈေးရောင်းသူများ ဈေးတန်းလာပြည်သူများ ရုတ်တရက် ကျန်းမာရေးအလို့ငှာ စောင့်ရှောက် အကူအညီပေးနိုင်ရန်အတွက် ဆေးခန်းတစ်ခန်းကိုလည်း တည်ဆောက်နေသည်ကို တွေ့ရသည်။ တည်ဆောက်ရာတွင် ကွန်တိန်နာဘောက်ကြီးများဖြင့် အလှဆင်တည်ဆောက်လျက်ရှိပြီး အပေါ်ထပ်တွင် ဝရန်တာအဖြစ် တီထွင်ထည့်သွင်းထားသည်ကို တွေ့ရသည်။

အေးအေးလူလူစားသောက်နိုင်

ဈေးဆိုင်များ တည်ဆောက်ရာတွင် ကြီးကြပ်ဆောင်ရွက်နေသည့် တာဝန်ရှိသူတစ်ဦး က “အပြောင်းအလဲကြီး ပြောင်းလဲသွားပြီး အမြင်လည်း ဆန်းသွားမှာပါ။ စနစ်တကျနဲ့ လှလှပပ ဖြစ်သွားမှာပါ။ စားသောက်တန်းတွေ၊ ဆိုင်တွေရှိမယ်။ ကလေးကစားကွင်းလည်း ရှိမယ်။ ကားပါကင်ရှိမယ်။ စားသောက်ဆိုင်တွေက သူ့နေရာနဲ့သူရှိပြီး ကိုယ်ကြိုက်တာကို ကိုယ်ဝယ်၊ အဲဒီဆိုင်မှာထိုင်စားရမှာ မဟုတ်ဘူး။ စားဖို့နေရာက သပ်သပ်စီစဉ်ထားတယ်။ အေးအေးလူလူ စားသောက်နိုင်မယ့် စီမံမှုတွေနဲ့ပါ ဟု ညွှန်းဆို သွားသည်။

ပျံကျဈေးသည်များအတွက်

ဆိုင်ခန်းလေးများ တည်ဆောက်နေမှုကို ကြည့်ရာ ခေတ်နှင့်ညီသော ပုံစံဆန်းလေးဖြစ်သည်။ တြိဂံပုံ ခေါင်အချွန်ဖြစ်သည်။ သွပ်နှင့်မိုးထားပြီး ဘေးပတ်လည်ခါးသာသာကို သွပ်ဖြင့်ပတ်ကာထားခြင်း ဖြစ်သည်။ ရှစ်ပေပတ်လည်၊ ရှစ်ပေ ခြောက်ပေနှင့် လေးပေပတ်လည် ဆိုင်လေးများဖြစ်သည်။ ခေါင်အမြင့်မှာ တစ်ညီတည်း၊ ခုနစ်ပေစီ ရှိမည်ဖြစ်သည်။ လေးပေပတ်လည် ဆိုင်လေးများက ပျံကျဈေးသည်များအတွက်ဟု ဆိုသည်။

ဆိုင်များနေရာချပေးရာတွင် အေဇုန်၊ ဘီဇုန်ဖြင့် သတ်မှတ်ကာ ရှစ်ပေပတ်လည်ဆိုင်လေးများကို နေရာချပေးထားမည်ဟု သိရသည်။ ရှစ်ပေပတ်လည်၊ ရှစ်ပေခြောက်ပေ ပတ်လည်နှင့် လေးပေပတ်လည် ဆိုင်ခန်းပေါင်း လက်ရှိအားဖြင့် ၃၉၀ ကျော် တည်ဆောက်ထားမည်ဟု သိရသည်။

လုံလုံလောက်လောက်ထားရှိ

ယခုရှိပြီးသား သန့်စင်ခန်းအဟောင်းများကို ဖျက်သိမ်း၍ နိုင်ငံတကာအဆင့်မီ သန့်စင်ခန်းများ အသစ်ပြန်လည် တည်ဆောက်ပေးထားမည့်အပြင် ဈေးသာယာ သန့်ရှင်းရေးအတွက် အမှိုက်ကို အစို၊ အခြောက်ခွဲခြား၍ ပစ်နိုင်ရန်၊ အမှိုက်ပုံးများကိုလည်း လုံလုံလောက်လောက် ထားရှိပေးသွားမည် ဟု သိရသည်။

မီးဘေးလုံခြုံကာကွယ်နိုင်ရေးအတွက် တစ်ဆိုင်လျှင်တစ်လုံးကျ မီးသတ်ဆေးဘူးငယ်လေးများကို ချိတ်ဆွဲထားခိုင်းမည့်အပြင် အရေးပေါ်မီးငြှိမ်း သတ်နိုင်ရေးအတွက် Fire Fighting Nozzle များပါ ထားရှိသွားမည်ဟု သိရသည်။

ယနေ့လက်ရှိ အကျည်းတန်မြင်ကွင်းသဖွယ် ဖြစ်နေသော ရန်ကုန်ညဈေးတန်းကို သန့်ရှင်းသော၊ လှပသော၊ ကျန်းမာရေးနှင့်ညီညွတ်သော Yangon Night Market အဖြစ် မကြာမီသော ကာလတွင် မြင်တွေ့လာနိုင်တော့မည် ဖြစ်ပါကြောင်း သတင်းကောင်းပါး ဖော်ပြလိုက်ပါသည်။

မြန်မာ့အလင်း

 

mdn