ရန်ကုန် ၂၅ ဖေဖော်ဝါရီ
ပြင်သစ်ယဉ်ကျေးမှုဌာန (Institut Francais de Birmanie) က ဦးဆောင်၍ ၁၂ ကြိမ်မြောက်၊ ရန်ကုန်ဓာတ်ပုံပွဲတော်ကို ဖေဖော်ဝါရီ ၁၉ ရက်ကစ၍ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ၌ ကျင်းပလျက်ရှိသည်။
အဆိုပါပွဲတော်တွင် နိုင်ငံတကာဓာတ်ပုံဆရာများ၏ လက်ရာဖြစ်သည့် Myanmar Stories များ တင်ဆက်သည့် ဓာတ်ပုံ ဇာတ်လမ်းများ၊ Hossein Faramani နှင့် Susan/Lucie ဖောင်ဒေးရှင်းတို့မှ တင်ဆက်ထားသည့် ရှူရှိုက်နေရသော လေထု၏နောက်ကွယ်တွင်၊ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုအား ရည်ညွှန်းသည့် ရှားပါးဓာတ်ပုံများကို စုပေါင်းပြသထားသည်။
အဆိုပါပြပွဲအား အများပြည်သူများ ကြည့်ရှုလေ့လာနိုင်ရန်အတွက် ဖေဖော်ဝါရီ ၁၉ ရက်မှ မတ်လ ၁၁ ရက်အထိ ပြသထားမည်ဖြစ်ပြီး မည်သူမဆို အခမဲ့ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း သိရှိရသည်။
အလားတူပြပွဲများကိုလည်း ရန်ကုန်မြို့ ဘူတာကြီးတွင်လည်းကောင်း၊ ဒလရေယာဉ်ပေါ်တွင်လည်းကောင်း ရှားပါးဓာတ်ပုံများဖြစ်သည့် ပလတ်စတစ်သုံးစွဲမှုအန္တရာယ်၊ ဧရာဝတီလင်းပိုင်များအကြောင်းနှင့် ရေအောက်ကမ္ဘာမှာ လမ်းလျှောက်သူများ စသည့်ဓာတ်ပုံများကို ဖေဖော်ဝါရီ ၁၉ ရက်မှ မတ်လ ၁၁ ရက်အထိ အများပြည်သူ အခမဲ့ကြည့်ရှုနိုင်ရန် စီစဉ်ပြသထားကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)


