ရန်ကုန် ၂၂ ဇွန်
လူထုမိတ်ဆွေ ပြည်သူ့အကျိုးပြု ယာဉ်လိုင်း အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ဆရာ၊ ဆရာမများ ဝန်ထမ်းများနှင့် အများပြည်သူများ၏နေ့စဉ်ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရေးကို ရည်ရွယ်၍ YBS 32 ယာဉ်လိုင်းသစ်ကို ၂၀၁၈ ခုနှစ် ဇွန်လ ၂၆ ရက် အင်္ဂါနေ့မှ စတင်ကာ ယာဉ်သစ် အစီးရေ (၅၀) ဖြင့် သန်လျင်(ရေကြောင်းတက္ကသိုလ်) မှ ထောက်ကြန့်အထိ ပြေးဆွဲမည်ဖြစ်သည်။
ပြေးဆွဲမည့် ခရီးစဉ်မှာ ရေကြောင်းတက္ကသိုလ်- မြို့မဈေး- သာကေတအဝိုင်း- ကျောက်တိုင်- သုဝဏ္ဏလမ်းဆုံ- ဇဝနလမ်းဆုံ- နန္ဒဝန်ဈေး- ပင်းယ- ၄၃၆- မြောက်ဥက္ကလာအဝိုင်း- (၆)ကွေ့- အောင်မင်္ဂ လာအဝေးပြေး- ပုလဲမြို့သစ်- နွယ်ခွေ- ထောက်ကြန့် တို့ဖြစ်ပြီး ယာဉ်လိုင်းပြေးဆွဲမှုပုံစံမှာ ရေကြောင်းတက္ကသိုလ်ဘက်မှ (၂၅ ) စီး ထောက်ကြန့်ဘက်မှ (၂၅) စီး အသီးသီး စေလွှတ်မည့် နှစ်ဘက်လွှတ်ပုံစံဖြစ်သည်။ ယာဉ်စီးခမှာ ရေကြောင်းတက္ကသိုလ်မှ ပင်းယအထိ ၂၀၀ ကျပ် ပင်းယမှ ထောက်ကြန့်အထိ ၂၀၀ ကျပ် ခရီးစဉ် အစမှအဆုံးအထိ ၃၀၀ ကျပ်ဖြစ်ပြီး နှစ်ဖက်ဂိတ် အသီးသီးမှ နေ့စဉ် မနက် (၅) နာရီတွင် ပထမဆုံးကား စတင်ထွက်ခွာမည်ဖြစ်ပြီး ည(၈)နာရီတွင် နောက်ဆုံးကား ထွက်ခွာမည် ဖြစ်သည်။
မသန်စွမ်းပုဂ္ဂိုလ်များ၊ သံဃာတော်များ ၊ သီလရင်များ၊ ကိုယ်ဝန်ဆောင်မိခင်များ မူလတန်း၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် လူထုမိတ်ဆွေ၏ မည်သည့်ယာဉ်လိုင်းများတွင်မဆို အခမဲ့ စီးနင်းနိုင်ကြောင်း သိရသည်။ YBS - 32 ယာဉ်လိုင်းသစ် ဖွင့်ပွဲ အခမ်းအနားကို ဇွန်လ (၂၆) ရက်နေ့တွင် ရေကြောင်းတက္ကသိုလ်၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဆန်းမြင့် (ပြန်/ဆက်)