ရန်ကုန် ၂၀  ဖေဖော်ဝါရီ

 

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်သို့ ပြေးဆွဲလျက်ရှိသော YBS ၇၆ ယာဉ်လိုင်းအား ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ခရီးသွားပြည်သူများ ပိုမိုအဆင်ပြေချောမွေ့စွာသွားလာနိုင်ရေး ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ကာ ယာဉ်အစီးရေနှင့် ခရီးစဉ်တိုးချဲ့ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

 

မီနီဘတ်စ်ယာဉ်များဖြင့် YBS ၇၆ ယာဉ်လိုင်းခရီးစဉ်လမ်းကြောင်းအား အရှေ့ပိုင်းတက္ကသိုလ်(ဂိတ်ရင်း)- တာမွေ- စက်မှု(၁) (ဂိတ်ဖျား)အထိ ပြေးဆွဲလျက်ရှိရာမှ ယခုအခါ စီးတီးဘတ်စ်ယာဉ်ကြီးများပါ ပူးပေါင်း၍ ဂိတ်ရင်းကို သီလဝါ ၆ လမ်းသွား(ဆန်စက်ရှေ့)မှ တာမွေဗလီ၊ လှည်းတန်း၊ သမိုင်းလမ်းဆုံ၊ မင်းဓမ္မလမ်း (ရွှေကမ္ဘာအိမ်ရာရှေ့) ဂိတ်ဖျားအထိ ခရီးစဉ်ကို တိုးချဲ့ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

 

မီနီဘတ်စ်ယာဉ်များဖြင့် ပြေးဆွဲပေးစဉ်အခါက ဂိတ်ရင်းနေရာမှာ အရှေ့ပိုင်းတက္ကသိုလ် (တာဝ)ဖြစ်သော်လည်း တက္ကသိုလ်ရှေ့တွင် ယာဉ်ကြောပိတ်ဆို့မှုရှိခြင်းကြောင့် သီလဝါဆန်စက် ရှေ့သို့လည်းကောင်း၊ ဂိတ်ဖျား နေရာ စက်မှု(၁)တွင် ရပ်နားရန်နှင့် စီးတီးဘတ်စ်ယာဉ်ကြီးများ ပြန်ကွေ့ရန်အခက်အခဲရှိသဖြင့် ခရီးစဉ်လမ်းကြောင်း တိုးချဲ့ကာ ဂိတ်ဖျားနေရာကို မရမ်းကုန်မြို့နယ် မင်းဓမ္မလမ်း(ရွှေကမ္ဘာအိမ်ရာရှေ့)သို့လည်းကောင်း ပြောင်းရွှေ့ပြေးဆွဲခြင်းဖြစ်ကြောင်း သိရသည်။

 

မီနီဘတ်စ်ယာဉ်များဖြင့် ပြေးဆွဲစဉ်က ကားကြပ်ခြင်း၊ ထိုင်ခုံမလုံလောက်ခြင်းများ ကြုံတွေခဲ့ရသည့်အပြင် ကျောင်းသားကျောင်းသူများနှင့် ဆရာ၊ ဆရာများထံမှ အုပ်စုဖွဲ့ခါးပိုက်နှိုက်ခြင်း၊ ကားကြပ်သည့်အချိန်တွင် ကျောင်းသူများ စိတ်အနှောင့်အယှက်ဖြစ်အောင် ထိပါးနှောင့်ယှက်ခြင်းများ မကြာခဏကြုံတွေရလေ့ရှိသည်။ အဆိုပါအခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် မီနီဘတ်စ်ယာဉ် ၃၂ စီး၊ စီးတီးဘတ်စ်ယာဉ် ၂၆ စီးတို့ဖြင့် Trans Link Public Co., Ltd က ခရီးစဉ်နှင့် ယာဉ်အစီးရေတိုးချဲ့ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း