ရန်ကုန်  ၃၀  အောက်တိုဘာ

ရန်ကုန်မြို့ ဘတ်စ်ကားမှတ်တိုင်များအနီး၌ YBS စီးနင်းရန် ငွေပေးချေကတ်များကို အစပိုင်းတွင် အခမဲ့ ဖြန့်ချိမည်ဖြစ်ပြီး ကဒ်ငွေဖြည့်သွင်းရန် နေရာများကိုလည်း ဘတ်စ်ကားမှတ်တိုင်များအနီးပင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ကတ်စနစ်ကို တက်လှမ်းတဲ့အခြေအနေမှာ ကဒ်တွေကို ပြည်သူလူထု လွယ်လွယ်ကူကူ ဝယ်လို့ရနိုင်ဖို့နဲ့ ဒီကတ်တွေကို မြန်မြန်ဆန်ဆန် ငွေသွင်းနိုင်တဲ့ စနစ်တွေကိုလည်း ဘတ်စ်ကားမှတ်တိုင်တွေမှာ ဆောင်ရွက်နိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ဒီဘတ်စ်ကား မှတ်တိုင်တွေမှာပဲ ငွေပေးချေနိုင်တဲ့ ကတ်တွေကို အစပိုင်းမှာ အလကား ဖြန့်ချိနိုင်ဖို့အတွက် စတင်ဆောင်ရွက်ပါမယ်။ ဒီဖြန့်ချိမှုနဲ့အတူ ပိုက်ဆံသွင်းရမယ့် နေရာမှာလည်း လွယ်လွယ်ကူကူ ဆောင်ရွက်နိုင်ဖို့အတွက် ဘတ်စ်ကား မှတ်တိုင်အနီးမှာ ဆောင်ရွက်သွားဖို့ ရှိပါတယ်ဟု အောက်တိုဘာ ၂၇ ရက်က ကျင်းပခဲ့သော YBS မြို့ပတ်ယာဉ်လိုင်းသစ် ဖွင်ပွဲအခမ်းအနားတွင် ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ငွေပေးချေကတ် ဖြန့်ချိပေးမည့်လုပ်ငန်းမှ ရရှိလာသော ဝင်ငွေများကို မသန်စွမ်းများ၊ လူမှုအကျိူးပြုလုပ်ငန်း လုပ်ကိုင်နေသော အဖွဲ့အစည်းများနှင့် ကင်းထောက်ကဲ့သို့ အဖွဲ့အစည်းများကို ပြန်လည်ခွဲဝေပေးမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ YBS ယာဉ်လိုင်းများတွင် ကတ်စနစ်ဖြင့် ငွေပေးချေမှုကို မကြာမီ စတင်ကျင့်သုံးမည်ဖြစ်ပြီး ကတ်စနစ် တပ်ဆင်ပြီးပါက ယာဉ်လိုင်းများ၏ ငွေပေးချေမှုစနစ်ကိုလည်း ပြုပြင်မည်ဖြစ်ကြောင်း သိရသည်။

ကျွန်တော်တို့ သုံးစွဲမယ့်ကတ်ဟာ Yangon Payment Service (YPS) ကတ်ကိုပဲသုံးပြီး ဘတ်စ်ကားစီးရမယ်ဆိုတဲ့ စနစ်မျိုးနဲ့ ရေရှည်ပိတ်ထားဖို့ အစီအစဉ်မရှိပါဘူး။ ဘာကြောင့်လဲဆိုရင် နိုင်ငံခြားကနေလာတဲ့၊ ပြည်ပကနေလာတဲ့ လေယာဉ်ကွင်းကို ဆင်းလိုက်တဲ့ သူတစ်ယောက်က သူ့အိတ်ထဲမှာ ကတ်တွေ အမျိုးမျိုးပါပါတယ်။ Master, Visa ဝန်ဆောင်မှု ပေးနိုင်တဲ့ကတ်တွေ ကျွန်တော်တို့ ဒီကတ်စနစ်မှာတက်ပြီး ဘတ်စ်ကားကို စီးနိုင်တဲ့အဆင့်ထိ ကျွန်တော်တို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ဟု ငွေပေးချေမှု ကတ်စနစ်နှင့်ပတ်သက်၍ ဝန်ကြီးချုပ်က ဆက်လက်ပြောကြားခဲ့သည်။

ပထမအဆင့် ပြည်သူများအနေဖြင့် ငွေပေးချေကတ်စနစ်ကို ရင်းနှီးကျွမ်းဝင်အောင် သုံးစွဲကြရမည်ဖြစ်ပြီး ကတ်ဖြင့် ဝန်ဆောင်မှုပေးတတ်သော အလေ့အကျင့်ကို ရရှိပြီးပါက မည်သည့်ကတ်ဖြင့်မဆို ဘတ်စ်ကားစီးနိုင်သော စနစ်မျိုး ရောက်ရှိအောင် ၂ နှစ်တာအတွင်း စီမံချက်ရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးမှု နောက်ကျကျန်နေခဲ့သော်လည်း အဆင့်မြင့် နည်းပညာများကို ရယူသုံးစွဲပါက ဝန်ဆောင်မှုစရိတ် ကြီးမြင့်နိုင်ခြင်းကြောင့် ပြည်သူအသုံးပြုနိုင်သော အခြေအနေမျိုးကို တစ်ဆင့်ချင်း မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထင်ပေါ်ဝင်း(ကမာရွတ်)

ဓာတ်ပုံ-YPS