ရန်ကုန် ၈ ဇူလိုင်
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ဦးဆောင်မှုဖြင့် ရန်ကုန်မြို့တွင်း နေ့စဉ်ခရီးသွားဝန်ဆောင်မှုပေးလျက်ရှိသော YBS ယာဉ်လိုင်းများ၌ လာမည့် ဇူလိုင် ၂၁ ရက်တွင် ခရီးသွားပြည်သူများ အဆင်ပြေစေမည့် ငွေပေးချေကတ် YPS Card ကို စတင်အကောင်အထည်ဖော် အသုံးပြုတော့မည်ဖြစ်ကြောင်း ယနေ့နံနက်တွင် YRTA ရုံးချုပ်၌ ကျင်းပသော အစည်းအဝေးမှ သိရသည်။
“အခုလုပ်ဆောင်မယ့် ငွေပေးချေကတ် YPS Card ဟာ တကယ်တော့ ခေတ်နဲ့လျော်ညီ ယုံတင်မဟုတ်ပါဘူး။ YBS ပေါ်လိုက်ပါစီးနင်းမယ့် ခရီးသည်တွေ ကြုံတွေ့နေရတဲ့ အကြွစေနစ် အခက်အခဲကနေလည်း အမှန်တကယ် လွတ်မြောက်သွားမှာ ဖြစ်ပါတယ်” ဟု အဆိုပါ YPS Card ကို အကောင်အထည်ဖော် ဆောင်ရွက်မည့် Asia Starmar Co., Ltd မှ ဒေါ်ရီရီခင် (Chief marketing Officer) က မီဒီယာများအား ပြောကြားသည်။

အဆိုပါ ငွေပေးချေကတ် YPS Card ကို ခရီးသွားပြည်သူများအတွင်း ကတ်များရောင်းချမှုနှင့် ငွေဖြည့်နိုင်မည့် ဝန်ဆောင်မှုများကို ဇူလိုင် ၁၆ ရက်တွင် စတင်လုပ်ဆောင်နိုင်မည်ဖြစ်ပြီး ရန်ကုန်မြို့တွင် မည်သည့် G & G ဆိုင်များတွင်မဆို ကတ်များကို ဝယ်ယူနိုင်မည်ဖြစ်သည်။ ငွေပေးချေကတ် တစ်ကတ်ကို ငွေကျပ် ၂၀ဝ၀ ဖြင့် ဝယ်ယူရမည်ဖြစ်ပြီး ငွေဖြည့်သွင်းရာတွင် အနည်းဆုံးငွေကျပ် ၁၀ဝ၀ မှ အများဆုံး ငွေကျပ် ၅၀ဝ၀ဝ အထိ ထည့်သွင်းအသုံးပြုနိုင်မည် ဖြစ်သည်။ ကနဦး ငွေကျပ် ၅၀ဝ၀ ဖြည့်မည်ဆိုပါက YPS Card တစ်ကတ် အခမဲ့ရရှိမည်ဖြစ်သည်။ ကတ်များ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးခဲ့လျှင် Service Center သုံးခုကို ဆူးလေ၊ သမိုင်းနှင့် တာမွေတို့တွင် လောလောဆယ် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
YPS Card များကို ကနဦးစတင်မှုအနေဖြင့် ဗန္ဓုလကုမ္ပဏီမှ ယာဉ်လိုင်း ၁၂၊ ၁၄၊ ၂၅၊ ၃၀-၁၊ ၃၀-၂၊ ၃၈ နှင့် ၅၅ စုစုပေါင်းခြောက်လိုင်းမှ အစီးရေ ၂၃၄ စီးနှင့် YBPC ကုမ္ပဏီမှ ယာဉ်လိုင်း ၄၃၊ ၆၂၊ ၇၂၊ ၈၇-ဝ၁၊ ၈၇-ဝ၂၊ ၈၈၊ ၈၉- ဝ၁၊ ၈၉-ဝ၂၊ ၉၆-ဝ၁၊ ၉၆-ဝ၂ ယာဉ်လိုင်း ခုနစ်လိုင်းမှ ကားအစီးရေ ၃၆၃ စီး စုစုပေါင်း ယာဉ်အစီးရေ ၆၀ဝ နီးပါးကို စတင်ဆောင်ရွက်သွားမည် ဖြစ်သည်။
YPS ကတ်ကို အသုံးပြုရာတွင် ကားအရှေ့တံခါး၌ တပ်ဆင်ထားသော Bus Validator စက်တွင် ကတ်ကိုထိရမည်ဖြစ်ပြီး ပြန်ဆင်းရာတွင်လည်း အနောက်တံခါး၌ တပ်ဆင်ထားသော Bus Validator စက်ကို ထပ်မံထိပေးရမည် ဖြစ်သည်။ ယင်းသို့ထိရာတွင် ကတ်မှာခရီးစဉ်တစ်ခုလုံး၏ ကျသင့်နှုန်းထားကို ဖြတ်တောက်သွားမည်ဖြစ်သည်။ အကယ်၍ ဘတ်စ်ကားမှ ပြန်ဆင်းရာတွင် Bus Validator ၌ YPS ကတ်ကို ထိရန်မေ့လျော့ခဲ့လျှင် (သို့မဟုတ်) ပျက်ကွက်ခဲ့လျှင် နောက်ခရီးစဉ်အစ၌ Bus Validator နှင့် YPS ကတ်ထိသည်တစ်ပြိုင်နက် ယခင်ခရီးစဉ်တစ်ခုလုံး ကျသင့်နှုန်းထားများကို အလိုအလျောက် ဖြတ်တောက်သွားမည်ဖြစ်သည်။
“ခေတ်နဲ့ လျော်ညီတဲ့ ဒီငွေပေးချေကတ် (YPS Card) ကို ပြောင်းလဲအသုံးပြုရင် အရင်ငွေပုံးတွေကို လုံးဝဖြုတ်သွားမှာ မဟုတ်ပါဘူး။ လောလောဆယ်တော့ တပ်ဆင်ထားဦးမှာပါ။ ဒီစနစ်ရဲ့ အားသာချက်က ငွေကိုင်ဆောင်မှုကနေလည်း လွတ်ကင်းသွားပြီး အကြွအေခက်အခဲ ဖြစ်နေကြတဲ့ ခရီးသည်တွေအတွက်လည်း အတော်လေးကို အဆင်ပြေသွားမှာပါ” ဟု YRTA မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ယနေ့ကျင်းပသော မီဒီယာတွေ့ဆုံပွဲတွင် ပြောသည်။
YPS Card (Yangon Payment Service) လုပ်ငန်းကို အကောင်အထည်ဖော်မည့် Asia Starmar Co., Ltd သည် ပြီးခဲ့သော ၂၀၁၇ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ဒါဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အောင်မြင်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် Master Agreement ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံ၌ပင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
သတင်း- မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ- မင်းထက်