ရန်ကုန် ၅ ဩဂုတ်
ကိုဗစ်-၁၉ ရောဂါ တားဆီး၊ ကန့်သတ်၊ ထိန်းချုပ်ဆဲကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ YBS ခရီးသည်တင်ယာဉ်အစီးရေပေါင်း ၃၈၈၆ စီးခန့် ပြန်လည်ပြေးဆွဲလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) နှင့် သတင်းမီဒီယာတွေ့ဆုံပွဲ (၉ /၂၀၂၀)မှ သိရသည်။
“အဲဒီမှာ ထူးခြားတာက ခရီးသည်ရဲ့တိုးတက်မှုသည် ဇူလိုင်လနောက်ပိုင်းကစပြီးတော့ ဆယ်သိန်းကျော်ကို ပြန်လည်တက်လာတဲ့အနေအထားကို တွေ့ရှိရပါတယ်” ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။
ရန်ကုန်ဒေသကြီးအတွင်း၌ YBS ယာဉ်များကို အသုံးပြု၍ ခရီးသွားလာမှုသည် ၂၀၂၀ ပြည့်နှစ် မတ်လနှောင်းပိုင်းမှ စတင်လျော့နည်းခဲ့ပြီး ဧပြီလတွင် သွားလာမှုအနည်းဆုံးဖြစ်ခဲ့သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားပြီး နှစ်လခန့်အကြာ မေလတွင် ဖြေလျော့မှုအချို့ စတင်ခဲ့သည့်အတွက် မေလနှင့်ဇွန်လတို့တွင် ခရီးသွားဦးရေ တဖြည်းဖြည်း ပြန်လည်တိုးတက်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း YBS ခရီးသည်တင်မော်တော်ယာဉ်များ၏ ပြေးဆွဲမှုသည် ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားမီ ကာလထက် လျော့နည်းသော်လည်း ယခုအခါ ၈၈ ရာခိုင်နှုန်းကျော် ပြန်လည်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။ တက္ကသိုလ်ကျောင်းများနှင့် ရန်ကုန်လေဆိပ်မှာ ပိတ်ထားဆဲကာလဖြစ်သည့်အတွက် ယင်းတို့ကို အခြေပြုပြေးဆွဲလျက်ရှိသော ယာဉ်လိုင်းအချို့မှာ ခေတ္တရပ်ဆိုင်းထားပြီး ခရီးသွားပြည်သူများအနေဖြင့် ယခုအခါ ၅၆ ရာခိုင်နှုန်းခန့် ပြန်လည်သွားလာလျက်ရှိကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ- လင်းညွန့်