ရန်ကုန် ၂၇   အောက်တိုဘာ

 

စီးတီးထရန်စစ်ကုမ္ပဏီ၏ YBS မြို့ပတ်ယာဉ်လိုင်းသစ်ပြေးဆွဲဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် အထက်တံခွန်တိုင် ကျေးရွာအုပ်စု ရေတလဘောင်ကျေးရွာ၊ အမှတ် (၃) လမ်းမကြီး၊ အမှတ် ၅၀၅ ရှိ YBSမြို့ပတ် ယာဉ်လိုင်းဝင်းအတွင်း ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေ သကြီးဝန်ကြီးချုပ်ဉီးဖြိုးမင်းသိန်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

 

ရှေးဉီးစွာ ရန်ကုန်တိုင်ဒေသကြီး ဝန်ကြီးချုပ် ဉီးဖြိုမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယ ဉက္ကဌ ဉီးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးသယ်ယူ ပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ဉက္ကဌ ဒေါ်နီ လာကျော်နှင့် စီးတီးထရန်စစ်ကုမ္ပဏီ ဉက္ကဌ ဉီးရဲမြင့်တို့က ယာဉ်လိုင်းကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

ဆက်လက်၍ ရန်ကုန်တိုင်ဒေသကြီး ဝန်ကြီးချုပ် ဉီးဖြိုးမင်းသိန်းနှင့်ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင် ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ဉက္ကဌ ဒေါ်နီလာကျော်တို့က အမှာစကားပြောကြားခဲ့ကြသည်။ ထို့နောက်စီတီးထရန့်စစ်ကုမ္ပဏီ ဉက္ကဌ ဉီးရဲမြင့်က နှုတ်ခွန်းဆက် စကားပြောကြားပြီး YBS မြို့ပတ်ယာဉ် လိုင်းအကြောင်း ရိုက်ကူးထားသော မှတ်တမ်းဗီဒီယိုကိုပြသခဲ့သည်။

 

YBS မြို့ပတ်ယာဉ်လိုင်းသစ် ပြေးဆွဲမှုနှင့်ပတ်သက်၍ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က “တကယ့်ကို နိုင်ငံ တကာအဆင့်အတန်းမီ စကင်နီယာကုမ္ပဏီက ထုတ်လုပ်တဲ့ စီးတီးဘတ်စ်နဲ့ ရန်ကုန်မြို့ကို မြို့ပတ်ယာဉ်လိုင်းတစ်ခု စတင်ပြေးဆွဲနိုင်ခြင်းပဲဖြစ်ပါတယ်။ ဒီမြို့ပတ်ယာဉ်လိုင်းပြေးဆွဲရခြင်းရဲ့ ရည်ရွယ်ချက်ထဲမှာကိုကကျွန်တော်တို့ ပြည်သူလူထုရဲ့ လိုအပ်နေတဲ့ လိုအပ်ချက်တစ်ခုကိုဖြည့်ဆည်းပေးဖို့အတွက် ဒီမြို့ပတ်ယာဉ် လိုင်းကို ပြေးဆွဲဖို့ လူထုဘက်ကတောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။ အဝေးပြေးဂိတ်တွေကို ပြည်သူလူထုအနေနဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး ဘတ်စ်ကားလိုင်းကနေ လာနိုင်ဖို့အခွင့်အလမ်းကို ဖန်တီးပေးဖို့အတွက် ကျွန်တော်တို့ကိုတောင်းဆိုထားတာ ရှိပါတယ်။ ဒီတောင်းဆိုမှုတွေထဲကနေ စကင်နီယာကုမ္ပဏီဘက်ကနေဒီအနေအထားကို ဆောင်ရွက်မယ်ဆိုတဲ့ အခြေအနေမှာ ကျွန်တော်အနေနဲ့ အလွန်အင်မတန် ဝမ်းသာမိပါတယ် ဟု အမှာစကားပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

 

ထို့နောက် YBS မြို့ပတ်ယာဉ်လိုင်း၏ ထိန်းချုပ်ဆက်သွယ်မှုစနစ်နှင့်ဝန်ဆောင်မှုစနစ်များအား တာဝန်ရှိသူ တစ်ဉီးက ရှင်းလင်းတင်ပြပြီးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများအား ထိန်းချုပ်ခန်းအားလိုက်လံ ပြသခဲ့သည်။

 

YBS မြို့ပတ်ယာဉ်လိုင်းကို လက်ရှိတွင် ယာဉ်အစီးရေ ၃၉ စီးဖြင့် နံနက် ၅နာရီမှ ည ၁၁ နာရီအထိ အောင်မင်္ဂလာအဝေးပြေးမှစတင်ပြီး ဝေဇယန္တာလမ်း၊ပါရမီ၊ သံသုမာလမ်း၊ သုဝဏ္ဏလမ်းဆုံတို့ကို ဖြတ်ကာ ဗိုလ်တထောင်ဘုရား၊သခင်မြပန်းခြံ၊ ဘုရင့်နောင်လမ်းဆုံနှင့် ၈ မိုင်ပန်းခြံတို့ကို ဖြတ်ပြီး သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း မြို့ကိုပတ်၍ အောင်မင်္ဂလာအဝေးပြေးဝင်းတွင် ဂိတ်ပြန်ဆုံးမည်ဖြစ်ကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း