YBS ရန်ကုန်မြို့ပတ်ခရီးစဉ်သစ် စက်တင်ဘာလနောက်ဆုံးပတ်တွင် စတင်ပြေးဆွဲမည်

ရန်ကုန ၅ စက်တင်ဘာ 


ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားပြည်သူများ အဆင်ပြေချောမွေစွာ သွားလာနိုင်ရေးအတွက် အောင်မင်္ဂလာအဝေးပြေးဝန်းကို အခြေပြုသည့် YBS (မြို့ပတ်ကား) ယာဉ်လိုင်းသစ်ကို ရန်ကုန်မြို့ပတ်ခရီးစဉ်အဖြစ် စက်တင်ဘာလ နောက်ဆုံးပတ်၌ စတင်ပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင် အဖွဲ့ (YRTA) ထံမှ သိရသည်။ 


“ကားတွေကို ပြင်ဆင်ပြီးရင် ဒီလနောက်ဆုံးပတ်မှာ ပြေးဆွဲမယ်လို့ ကုမ္ပဏီက ကျွန်တော်တို့ကို တင်ပြသလို ကျွန်တော်တို့ဘက်ကလည်း မဖြစ်မနေ ပြေးဆွဲဖို့အတွက် တိုက်တွန်းထားပြီး ဖြစ်ပါတယ်” ဟု YRTA တွဲဖက် အတွင်းရေးမှူး ဦးလှအောင်က ပြောကြားသည်။


ရန်ကုန်မြို့ပတ်ယာဉ်လိုင်းအဖြစ် ပြေးဆွဲမည့် YBS ယာဉ်များတွင် ခရီးသွားပြည်သူများအား အထောက်အကူပေးနိုင်မည့် မှတ်တိုင်အသိပေးစနစ်များ၊ အသံစနစ်များ တပ်ဆင်ထားပြီး ယာဉ်၏လှုပ်ရှားသွားလာမှုကို သိရှိရန်အတွက် ဂျီပီအက်စ်နှင့် တယ်လီမက်တစ်စနစ်များ တပ်ဆင်ထားကာ လက်ရှိတွင် ယာဉ်မောင်းများအား သင်တန်းပေးလျက်ရှိကြောင်း သိရသည်။


ရန်ကုန်မြို့ပတ်ယာဉ်လိုင်းတွင် နိုင်ငံတကာ ထိပ်တန်းအမှတ်တံဆိပ်ဖြစ်သည့် SCANIA အမျိုးအစား မော်တော်ယာဉ် ၃၉ စီးကို အသုံးပြုမည်ပြီး အဆိုပါမော်တော်ယာဉ်၏အရှည်မှာ သာမာန်ယာဉ်များထက် ပို၍ရှည်ကြောင်း သိရသည်။ စီးတီးထရန်စစ်ကုမ္ပဏီမှ ပြေးဆွဲမည့် SCANIA အမျိုးအစားယာဉ်ကြီးများကို ယာဉ်လမ်းကြောင်း နှစ်ကြောင်းခွဲကာ ရန်ကုန်မြို့ပတ်ကားအဖြစ် ပြေးဆွဲမည်ဖြစ်သည်။ 


ရန်ကုန်မြို့ပတ်ကား ယာဉ်လမ်းကြောင်း (၁) မှာ အောင်မင်္ဂလာ အဝေးပြေးဝင်းမှ စတင်ထွက်ခွာပြီး အမှတ်(၃) လမ်းမကြီး၊ ၆ ကွေ့၊ သုဓမ္မာလမ်း၊ ဝေဇယန္တာလမ်း၊ ပါရမီလမ်း၊ ဘေလီထိပ်၊ သံသုမာလမ်း၊ စံပြဈေး၊ ပြည်ထောင်စု ခုံးကျော်တံတား၊ သံသုမာလမ်း (သုဝဏ္ဏ) ကြက်ဘဲဈေး၊ သမိန်ပရမ်းလမ်း၊ အထက်ပုဇွန်တောင်လမ်း၊ ၅၁ လမ်းထိပ်၊ ဗိုလ်တစ်ထောင်ဘုရားလမ်း၊ ကမ်းနားလမ်း၊ ကြည့်မြင်တိုင်ကမ်းနားလမ်း၊ ဘုရင့်နောင်လမ်း၊ ဘုရင့်နောင်လမ်းဆုံ၊ သမိုင်းဘူတာရုံလမ်း၊ သမိုင်းလမ်းဆုံ၊ ကျိုက်ဝိုင်းဘုရားလမ်း၊ ၈ မိုင်၊ ကမ္ဘာအေးဘုရားလမ်း၊ နဝဒေး၊ အုတ်ပုံဆိပ်လမ်း၊ သုဓမ္မာလမ်း၊ ၆ ကွေ့၊ အမှတ်(၃) လမ်းမကြီးမှ အောင်မင်္ဂလာအဝေးပြေးသို့ ရောက်ရှိမည်ဖြစ်သည်။ ယာဉ်လမ်းကြောင်း (၂) မှာမူ ယာဉ်လမ်းကြောင်း (၁)၏ မျက်နှာမူရာ အတိုင်းပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။  


ယာဉ်စီးခအနေဖြင့် အောင်မင်္ဂလာအဝေးပြေးမှ သခင်မြပန်းခြံအထိ ၅၀ဝ ကျပ် ကျသင့်မည်ဖြစ်ပြီး ခရီးစဉ် အစအဆုံး ငွေကျပ် ၁၀ဝဝ ကျသင့်မည်ဖြစ်သည်။ ရန်ကုန်မြို့တွင် သွားလာနေကြသည့် လူဦးရေ၏ ၈၀ ရာခိုင်နှုန်းခန့်သည် ခရီးသည်တင်ယာဉ်လိုင်းများကိုသာ မှီခိုအားထား သွားလာနေကြပြီး တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့်ယာဉ်လိုင်းပေါင်း ၁၀ဝ ခန့်ရှိကာ ယာဉ်လမ်းကြောင်း ၁၃၀ ကျော်၊ ယာဉ်အစီးရေ ပေါင်း ၄၅၀ဝ ခန့်ဖြင့် ခရီးသွားပြည်သူ ၁ ဒသမ ၉ သန်းခန့်ကို နေ့စဉ်ဝန်ဆောင်မှုပေးလျက်ရှိ ကြောင်း သိရသည်။


ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း