ရန်ကုန် ၂၁ ဇူလိုင်

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်း ၁၂ လိုင်းရှိ ယာဉ်အစီးရေ ၅၀၀ ကျော်တွင် ရန်ကုန်ငွေပေးချေခြင်းဝန်ဆောင်မှု YPS ကတ်များကို ယနေ့စတင် အသုံးပြုနိုင်လျက်ရှိကြောင်း သိရသည်။

 

ရန်ကုန်ငွေပေးချေခြင်း ဝန်ဆောင်မှု YPS ကတ် အသုံးပြုနိုင်သော ယာဉ်လိုင်းများမှာ ဝိုင်ဘီအက်စ် ၄၃၊ ၆၂၊ ၇၂၊ ၈၇၊ ၈၈၊ ၈၉၊ ၉၆၊ ၁၂၊ ၁၄၊ ၂၅၊ ၃၀၊ ၃၈ တို့တွင် ယနေ့စတင်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ YPS ကတ်များကို ဇူလိုင် ၁၆ ရက်မှစ၍ G & G ဆိုင်ပေါင်း ၁၀၂ ဆိုင်တွင် ရောင်းချပေးခဲ့ရာ ၅ ရက်အတွင်း ကတ်ပေါင်း ၉၁၂၉ ကတ် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

 

ယနေ့တွင် ခရီးသွားပြည်သူများအား ယာဉ်လိုင်းပေါင်း ၁၂ လိုင်းမှ ကားအစီးရေ ၅၉၇ စီးဖြင့် YPS ကတ် အသုံးပြုနိုင်ရန် စတင်မိတ်ဆက်ပေးခြင်းဖြစ်ပြီး လာမည့် ဩဂုတ်လအတွင်း ယာဉ်လိုင်းပေါင်း ၂၁ လိုင်းမှ ကားအစီးရေ ၆၀၀ ကျော်တွင် ထပ်မံအသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

 

YPS ကတ်များ၏ ငွေကြေးကောက်မံမှုနှင့်ပတ်သက်၍ အေးရှားစတားမားမှ ဈေးကွက်အရာရှိချုပ် ဒေါ်ရီရီခင်က “လက်ရှိယာဉ်တွေမှာ ကောက်ခံနေတဲ့နှုန်းထားအတိုင်းပဲ ကောက်တာဖြစ်ပါတယ်။ ယာဉ်စီးခနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲထားတာ မရှိပါဘူး။ အရင်အတိုင်းပဲ ကောက်ခံမှာဖြစ်ပါတယ်။ နောက်ပိုင်းကျရင်တော့ ခရီးစဉ်အကွာအဝေးနဲ့ ကောက်မယ့်အစီအစဉ်လေးရှိပါတယ်။ အဲဒီအတွက် စက်ကိုလည်း နှစ်လုံးတပ်ပေးထားတာ ဖြစ်ပါတယ်” ဟု ပြောသည်။

 

ရန်ကုန်ငွေပေးချေခြင်းဝန်ဆောင်မှု YPS ကတ်တွင် ငွေဖြည့်သွင်းခြင်းကို အနည်းဆုံး ငွေကျပ်တစ်ထောင်မှ အများဆုံး ငါးသောင်းကျပ်အထိ ဖြည့်သွင်းနိုင်ပြီး ခရီးသွားပြည်သူများ အလွယ်တကူ ဝယ်ယူနိုင်စေရန် YPS ကတ်အရောင်းနှင့် ဝန်ဆောင်မှုစင်တာများကို ဆူးလေ၊ သမိုင်း၊ တာမွေတို့တွင်လည်းကောင်း၊ G & G ဆိုင်ပေါင်း ၁၀၂ ဆိုင်တွင်လည်းကောင်း ရောင်းချပေးလျက်ရှိသည်။ ထိုပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ကတ်အရောင်းနှင့် ငွေဖြည့်ဆိုင် ၄ ဆိုင်ကို မြို့တော်ခန်းမရှေ့ ကားမှတ်တိုင်၊ မြန်မာပလာဇာ၊ ရှစ်မိုင်နှင့် ပါရမီ(ညောင်ပင်) ကားမှတ်တိုင်တို့တွင် ဖွင့်လှစ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

YPS ကတ်များကို ဈေးကွက်အတွင်း ကတ်အရေအတွက် နှစ်သိန်းခွဲခန့်ကို ဖြန့်ဖြူးရောင်းချသွားရန် စီစဉ်ထားရှိပြီး ဈေးကွက်လိုအပ်ချက်အရ  ထပ်မံဖြည့်တင်းသွားနိုင်ရန် ပြင်ဆင်ထားကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ- လင်းညွန့်