ရန်ကုန် မတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)၊ ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် (YUPT)နှင့် ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သောကုမ္ပဏီ (YBPC)တို့မှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ ရှင်းလင်းတင်ပြခြင်းကို မတ် ၉ ရက် နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားပြီး YRTC၊ YUPT၊ YBPC တို့မှ တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီးအတွင်း YBS ခရီးသည်တင် ယာဉ်လိုင်း ၁၂၇ လိုင်းဖြင့် ရန်ကုန်မြို့အတွင်း သယ်ယူပို့ဆောင်ရေး ဆောင်ရွက်နေမှု၊ ရှိပြီးယာဉ်ရပ်နားဝင်းနှင့် ထပ်မံတိုးချဲ့ရန်လိုသည့် ယာဉ်ရပ်နားဝင်း အခြေအနေ၊ ယာဉ်လိုင်း ၄၉ လိုင်း၊ ယာဉ်အစီးရေ ၁၉၈၄ စီးတွင် ခရီးသွားပြည်သူများ ယာဉ်စီးခပေးချေရာ၌ လွယ်ကူအဆင်ပြေစေရန်နှင့် ယာဉ်စီးခ ပိုမိုကောက်ခံနေမှုများ ပပျောက်ရန် Yangon Payment Services(YPS) ကတ်စနစ်အသုံးပြုရေး ဆောင်ရွက်နေမှု၊ ကျန်ရှိသောယာဉ်လိုင်းများ ဆက်လက်အသုံးပြုနိုင်ရေး ဆောင်ရွက်နေမှုများနှင့် လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ယာဉ်လိုင်းများ ပြေးဆွဲနေမှုနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းဆောင်ရွက်နေမှုများကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ဝန်ကြီးချုပ်က Yangon Payment Services ကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရန်၊ YBS ယာဉ်လိုင်းများ၊ ကုန်တင်ယာဉ်ကြီးများ စနစ်တကျပြေးဆွဲရေး၊ ယာဉ်ကြော ကြပ်တည်းမှု မဖြစ်စေရေး၊ ဘတ်စ်ကားလိုင်းများအနေဖြင့် အများပြည်သူ လွယ်ကူစွာအသုံးပြုနိုင်ရေး အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျရှိစေရန် တာဝန်ရှိသူ အဆင့်ဆင့်က ထိန်းသိမ်းကြီးကြပ် ပေးရန် မှာကြားပြီး လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)


