ရန်ကုန်၊ ၂၈ ဒီဇင်ဘာ

 

ရန်ကုန်မြောက်ပိုင်းခရိုင် နယ်မြေအတွင်း ခိုး၊ ဆိုး၊ လု၊ နှိုက်သတင်းများ စုံစမ်းဆောင်ရွက်နေစဉ် ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲ ၃ နာရီက မင်္ဂလာဒုံမြို့နယ်အတွင်း ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းများပေါ်တွင် ခါးပိုက်နှိုက်ကျူးလွန်နေသူနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် မြောက်ပိုင်းခရိုင်နယ်မြေအတွင်း ခိုး၊ ဆိုး၊ လု၊ နှိုက်သတင်းများ စုံစမ်းဆောင်ရွက်နေစဉ် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ ပြည်လမ်း၊ ၁၀၆ ကားမှတ်တိုင်၌ YBS-36 ယာဉ်ပေါ်မှဆင်းလာသည့် ခါးပိုက်နှိုက်သတင်းရှိသူ ဇင်မင်းထွန်း (ခ) စောကြီးနှင့် စိုးကြည် (ခ) မောင်သိန်းတို့ နှစ်ဦးအား တွေ့ရှိစစ်ဆေးရာ အဆိုပါယာဉ်ပေါ်ပါ  အမျိုးသားတစ်ဦး၏ ကျောပိုးအိတ်အတွင်းမှ လူကာ၍ နှိုက်ယူခဲ့သည့် ငွေကျပ် ၁၀၄,၀၀၀ ကို ၎င်း၏ဘေးလွယ်အိတ်အတွင်းမှ တွေ့ရှိရသည်။

 

ဖမ်းဆီးရမိသူ ဇင်မင်းထွန်း (ခ) စောကြီးနှင့် စိုးကြည် (ခ) မောင်သိန်းတို့ နှစ်ဦးကို အသေးစိတ်စစ်ဆေးခဲ့ရာ ၎င်းတို့နှစ်ဦးသည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများအတွင်း မင်္ဂလာဒုံမြို့နယ်နှင့် ထောက်ကြန့်သို့ ပြေးဆွဲလျက်ရှိသော YBS ယာဉ်လိုင်းများပေါ်တွင် လိုက်ပါစီးနင်း၍ ယာဉ်ပေါ်ပါ ခရီးသွားပြည်သူများထံမှ OPPO အမျိုးအစား ဖုန်း(၁)လုံးနှင့် Redmi အမျိုးအစား ဖုန်း(၁)လုံးတို့ကို ခါးပိုက်နှိုက် ရယူခဲ့ကြောင်း ထပ်မံစစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ၎င်းတို့ဦးအား ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

MDN

Photo. Yangon Police