ရန်ကုန် ၃ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည်တင် ပြေးဆွဲနေသော YBS ယာဉ်များကို စံနှုန်းတစ်ခုသတ်မှတ်ပြီး စံနှုန်းမမီသည့် ကားများကို ခွင့်ပြုတော့မည်မဟုတ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
ယခင် မထသ စနစ်ကို YBS စနစ်သို့ ပြောင်းလဲခဲ့သည်မှာ ယခုလ ၁၆ ရက်တွင် သုံးနှစ်ပြည့်ပြီဖြစ်၍ အဆိုပါ YBS ဘတ်စ်ကားကုမ္ပဏီများကို ပြန်လည်ဆန်းစစ်မည်ဖြစ်ပြီး ပြည်သူကို ဝန်ဆောင်မှု မပေးနိုင်သည့် ကားများဖြင့် ပြေးဆွဲနေမည်ဆိုပါက လက်မခံနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
"သုံးနှစ်အချိန် ပေးခဲ့တယ်၊ အခု လာမယ့် ဇန်နဝါရီ ၁၆ ရက်နေ့မှာ ဒီကုမ္ပဏီတွေကို Review လုပ်ရပါမယ်၊ ပြည်သူကို ဝန်ဆောင်မှုမပေးနိုင်ဘဲနဲ့ ကားတွေနဲ့ပဲ ပြေးနေမယ်ဆိုရင်တော့ ဒီအခြေ အနေတွေကို လက်မခံနိုင်ပါဘူး၊ ဘာကြောင့်လည်းဆို ကုမ္ပဏီတွေထဲမှာ ပြောကြတာတွေရှိပါတယ်၊ ကျွန်တော်တို့ကတော့ ကားသစ်ကြီးတွေနဲ့ စရိတ်အများကြီးထည့်ပြီး အရင်းတန်ဖိုး ကြီးကြီးနဲ့ ပြေး နေရပြီး အရင်းတန်ဖိုးနည်းနည်းနဲ့ ပြေးတဲ့သူကလည်း ဒီအမြတ်အစွန်းမျိုးရနေတယ်ဆိုရင်တော့ မမျှတဘူးဆိုတဲ့ အခြေအနေတစ်ခု ရှိပါတယ်၊ ဒါကြောင့်မလို့ ကျွန်တော် Standard တစ်ခုကို သတ်မှတ် ရပါလိမ့်မယ်၊ ဒီ Standard ထဲကို ဝင်နိုင်ရင် Yangon Transport မှာ ဆက်လက်ရပ်တည်လို့ရပါတယ်၊ မဝင်နိုင်ဘူးဆိုရင်တော့ နယ်တွေ ရှိပါသေးတယ်၊ ရန်ကုန်မြို့တော်ကြီးမဟုတ်တဲ့ အခြားနေရာတွေမှာ သွားပြေးဆွဲလို့ ရပါတယ်၊ အဲဒီမှာ ကားတွေစုတ်ချင် စုတ်နေမယ်။ ကောင်းချင်မှ ကောင်းမယ်၊ ဒါပေမယ့် ရန်ကုန်မြို့တော်ကြီးမှာတော့ ဒီစနစ်ဟာ ခွင့်ပြုနိုင်တဲ့ အခြေအနေ မရှိပါဘူး"ဟု ဦးဖြိုးမင်းသိန်း က ပြောသည်။

ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် YBS စီးနင်းသည့် ခရီးသွားပြည်သူများကို ဝန်ဆောင်မှုအကောင်းဆုံးပေးနိုင်ရန်အတွက် YBS ဘတ်စ်ကားများကို ကုမ္ပဏီစနစ် ဆောင်ရွက်ရန် ကြိုးပမ်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
"ကျွန်တော်တို့ ကားကုမ္ပဏီတွေထဲမှာ ကုမ္ပဏီအစစ်အမှန် မဖြစ်သေးတဲ့ ကုမ္ပဏီတွေ ရှိပါတယ်၊ ဒီဟာ ပြသနာ ရှိနိုင်ပါတယ်၊ ဒါအထူးဂရုပြုရမယ့် Issue ဖြစ်ပါတယ်၊ ဘာကြောင့် အထူးဂရုပြုရမလည်းဆိုရင် ကျွန်တော်တို့ သုံးနှစ်အချိန်ပေးခဲ့ပြီး ဖြစ်ပါတယ်၊ ဒီယာဉ်လိုင်းဟာ ဝန်ဆောင်မှုမကောင်းဘူး ဆိုရင်တော့ ပြည်သူ့အတွက် နောက်ထပ်ကုမ္ပဏီတစ်ခုကို ဒီယာဉ်လိုင်းမှာ ထည့်ရပါလိမ့်မယ်၊ အပြိုင်ပြေးရပါ လိမ့်မယ်၊ အပြိုင်ပြေးရင် အားသာတဲ့ယာဉ်လိုင်းကို ဆက်လက်ရပ်တည်ခွင့်ပေးပြီး အားမသာတဲ့ ယာဉ်လိုင်းကိုတော့ ကျွန်တော်တို့ အခြားစနစ်တစ်ခုထဲကို ရွှေ့ပြောင်းရပါလိမ့်မယ်၊ ဒီစနစ်ကို ထူထောင်ဖို့ ကျွန်တော်တို့ ဆောင်ရွက်ဖို့ ပြင်ဆင်နေပါတယ်၊ ဘာကြောင့်လည်းဆို ငါတို့ ဒီလိုင်း ရထားတာပဲ၊ တစ်သက်လုံး ငါတို့ရမှာပဲ၊ ငါတို့ဘာသာ ငါတို့ ထင်ရာ လုပ်မယ်လို့ တွေးနေရင်တော့ မှား သွားပါလိမ့်မယ်"ဟု ဦးဖြိုးမင်းသိန်း က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)အနေဖြင့် ယခုလ ၁၆ ရက် သုံးနှစ်ပြည့်တွင် YBS ယာဉ်လိုင်းများ၏ ပြည်သူ့ ဝန်ဆောင်မှု့များအတွက် အမှတ်ပေး ဇယားထွက်နိုင်ရေး ကြိုးစားနေပြီး ဝန်ဆောင်မှုကောင်းသည့် YBS ကုမ္ပဏီများကို ချီးမြှောက်ကာ ဝန်ဆောင်မှု ညံ့သည့် YBS ကုမ္ပဏီများကို ခေါ်ယူဆွေးနွေးသွားမည်ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်း က ထပ်မံပြောကြားသည်။
"မနှစ်က နှစ်နှစ်ပြည့်တဲ့အခြေအနေမှာ တော်တဲ့ ကုမ္ပဏီတွေကို ချီးမြှောက်ခဲ့တယ်၊ ဒါပေမယ့် ညံ့တဲ့ ကုမ္ပဏီတွေကို အရေးယူမှု မပြုခဲ့ပါဘူး၊ ဒီနှစ်မှာတော့ တော်တဲ့ကုမ္ပဏီတွေကို ချီးမြှောက်မယ်၊ အရည် အသွေးမတိုးတက်လာဘူးဆိုတဲ့ ကုမ္ပဏီတွေကို စတင်ဆွေးနွေးမယ်၊ အပြစ်ပေးအရေးယူဖို့တော့ မဟုတ် သေးပါဘူး၊ ဒါပေမယ့် လာမယ့်နှစ်မှာတော့ ဆောင်ရွက်ရပါလိမ့်မယ်၊ ဘာကြောင့်လည်းဆို ကျွန်တော်တို့ ရပ်တည်နေတဲ့ YBS စနစ်ရဲ့ ရည်မှန်းချက်ကိုယ်က ပိုမိုကောင်းမွန်တဲ့ YBS စနစ်ကြီးဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ ပြည်သူ့ဝန်ဆောင်မှုဖြစ်ဖို့အတွက် ကျွန်တော်တို့ ရည်ရွယ်ပါတယ်"ဟု ဦးဖြိုးမင်းသိန်း က ပြောသည်။
လက်ရှိ အစိုးရသစ်လက်ထက်တွင် မထသ စနစ်ကို ရပ်ဆဲပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၆ ရက်မှစ၍ YBS စနစ်ကို ပြောင်းလဲခဲ့ကာ လက်ရှိအချိန်တွင် လမ်းကြောင်းပေါင်း ၁၃၅ ခုမှ ယာဉ်လိုင်းနံပါတ်ဖြင့် ယာဉ်လိုင်းပေါင်း ၁၀ဝ ရှိသည့်အပြင် Airport Shuttle Bus၊ City Transit တို့လည်းရှိကာ တစ်နေ့လျှင် စုစုပေါင်း ယာဉ်အစီးရေ ၄၅၀ဝ ခန့် ပြေးဆွဲနေပြီး ခရီးသွားပြည်သူ ၁ ဒသမ ၈ သန်းကို သယ်ယူပို့ဆောင်ပေးနေကြောင်း သိရသည်။
ငြိမ်းငြိမ်း
ဓါတ်ပုံ YBS