ရန်ကုန် ၃၀ အောက်တိုဘာ
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော YBS ယာဉ်များ၌ ခရီးသွားပြည်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွာအဝေးအတိုင်း စီးနင်းလိုက်ပါလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ထံမှ သိရသည်။
“ကျွန်တော်တို့ကားတွေထွက်တဲ့ အင်အားနဲ့ ခရီးသွားအင်အားကို ပြန်ကြည့်ရင် ယာဉ်တွေပေါ်မှာ သတ်မှတ်ခုံ ပြည့်သလောက်ပဲ မနက်ပိုင်းမှာ တွေ့ရတယ်။ နေ့လယ်နေ့ခင်းပိုင်းမှာတော့ ကျဲနေဆဲဖြစ်တဲ့အတွက် Social distancing ပေါ်မှာလည်း အထိုက်အလျောက် လိုက်နာဆောင်ရွက်နိုင်တယ် ဆိုတဲ့အနေအထားလေးကို တွေ့ရပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့နှင့် မီဒီယာတွေ့ဆုံပွဲ အမှတ်စဉ် ၁၅/၂၀၂၀ ၌ YRTA တွဲဖက်အတွင်းရေးမှူး ဉီးလှအောင်က ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားပြည်သူများ၏ YBS စီးနင်းမှုအနေဖြင့် အောက်တိုဘာလ ၄ ရက်နေ့တွင် ခရီးသည်စီးနင်းမှု အနည်းဆုံးဖြစ်ကာ ၆၉၈၉၄ ဦး သွားလာမှုရှိခဲ့ပြီး မော်တော်ယာဉ် အစီးရေ ၈၇၅ စီးဖြင့် သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ သီတင်းပတ် တစ်ပတ်အတွင်း သောကြာနေ့သည် ခရီးသွားပြည်သူ အများဆုံးသွားလာတတ်ပြီး အောက်တိုဘာလ ၂၃ ရက်နေ့တွင် ခရီးသွားပြည်သူ ၂၃၈၃၁၂ ဦးသွားလာကာ မော်တော်ယာဉ်အစီးရေ ၁၈၉၃ စီး ပြေးဆွဲပေးနိုင်ခဲ့ကြောင်း သိရသည်။
နေ့စဉ်ခရီးသွားလာမှုရှိသော ပြည်သူများ၏ အခြေအနေအရလည်းကောင်း၊ ယာဉ်မောင်းများ၏ ပါဝင်ဆောင်ရွက်နိုင်မှု အခြေအနေအရလည်းကောင်း အောက်တိုဘာလ ၂၈ ရက်နေ့တွင် ခရီးသည်ပေါင်း ၂၇၉၈၃၇ ဦးကို မော်တော်ယာဉ်အစီးရေ ၂၁၃၁ စီးဖြင့် သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
YBS စီးနင်းသော ခရီးသွားပြည်သူအများစုမှာ ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်မှုရှိလာပြီး လက်ရှိအချိန်တွင် ခရီးသွားဉီးရေအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားမီကာလ၏ ၁၃ ရာခိုင်နှုန်းခန့်သာ သွားလာမှုရှိပြီး မော်တော်ယာဉ် ပြေးဆွဲမှုအနေဖြင့် ၄၆ ရာခိုင်နှုန်း ပြေးဆွဲလျက်ရှိကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - လင်းညွန့်


