ရန်ကုန် ဇူလိုင် ၁၁

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) တို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ခရီးသည်တင် YBS ယာဉ်များပေါ်တွင် ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ပွားမှုအား ကြိုတင်ကာကွယ်နိုင်သော နည်းလမ်းများပါ အသိပညာပေးပိုစတာများကပ်၍ ယာဉ်ပေါ်ပါခရီးသည်များအား လက်ကမ်းစာ‌စောင်များ ဖြန့်ဝေပေးကြသည်။

 

ထိုသို့ ကျန်းမာရေးဝန်ထမ်းများ၊ YRTC ဝန်ထမ်းများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၏ အသိပညာပေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ YRTC မှ တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။

 

“အစာမစားမီနှင့် အစားအစာမပြင်ဆင်မီ အချိန်တိုင်း၊ အညစ်အကြေးနှင့် အမှိုက်များကို ကိုင်တွယ်ပြီးချိန်တိုင်း၊ အိမ်သာမှဆင်းချိန်တိုင်း လက်ကို စနစ်တကျ စင်ကြယ်စွာဆေးကြောပါ။ ယင်လုံအိမ်သာ ရာနှုန်းပြည့်သုံးစွဲပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ပါ။ ရေကိုကျိုချက်သောက်ပါ။ အစားအစာများကို ယင်မနားအောင် လုံခြုံစွာဖုံးအုပ်ထားပါ။ ခြင်၊ ယင်တို့ မပေါက်ပွားစေရန် ပတ်ဝန်းကျင်သန့်ရှင်းရေးကို အထူးဂရုပြုဆောင်ရွက်ပါ။” ပါရှိသည့် ၂ × ၁ ပေရှိ စတေကာများကပ်ခြင်း၊ မိုးရာသီကာလတွင် အဖြစ်များနိုင်သည့် ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှောရောဂါအကြောင်း သိကောင်းစရာများ၊ ရောဂါပိုးကူးစက်ပုံ၊ ရောဂါလက္ခဏများ၊ ကြိုတင်ကာကွယ်နိုင်သော နည်းလမ်းများ၊ ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်လျှင် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ဆေးရုံ ဆေးခန်းသို့သွားရောက်ရန် ဆောင်ရွက်စဉ် ဓာတ်ဆားရည်ကိုသောက်ရန်နှင့် ဓါတ်ဆားရည်ဖျော်နည်းများပါရှိသည့်လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းနှင့် ထိုသို့ ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများကို ဆူးလေ(မဟာဗန္ဓုပန်းခြံရှေ့)၊ သခင်မြပန်းခြံ၊ ကမ္ဘာ့အေး၊ ဒညင်းကုန်းလမ်းဆုံ၊ မြောက်ဥက္ကလာပအဝိုင်း၊ သင်္ဃန်းကျွန်းစံပြဈေးတို့တွင်လည်း ဆောင်ရွက်ခဲ့ကြောင်းနှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

 

ဆန်းကျော်ဦး(ပြန်/ဆက်)