YBS ယာဉ်များတွင် ကတ်စနစ်ဖြင့် ယာဉ်စီးခပေးချေနိုင်ရန် စက်များစမ်းသပ်တပ်ဆင်မှု ယခုနှစ်အတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)မှ တွဲဘက်အတွင်းရေးမှူး ဦးလှအောင် က ပြောသည်။
"Payment System နဲ့ပတ်သက်လို့ ကျွန်တော်တို့မျှော်မှန်းထားတဲ့အတိုင်း ဒီနှစ်ထဲ က ကျွန်တော်တို့ရဲ့ လျာထားချက်ဖြစ်ပါတယ်၊ ဒါကြောင့် အရင်ကြေညာထားတဲ့အတိုင်း အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလမှာ စက်တွေ စမ်းသပ်လည်ပတ်နိုင်အောင် လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်အတိုင်း ဆက်သွားနေပါတယ်၊ ဒါကြောင့် စက်တွေလည်း မှာယူပြီးဖြစ်ပါတယ်၊ ရောက်ရှိလာ လို့ရှိရင် စမ်းသပ်တပ်ဆင်မှုကို အမြန်ဆုံးလုပ်ပါမယ်၊ အဲဒါတွေကို Test Run လုပ်ရပါလိမ့်မယ်၊ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ရဲ့ Payment System ရယ် စက်မှာပါတဲ့ Software System ရယ်ကို ပေါင်းစပ်ရပါမယ်၊ ဒါကြောင့် ကျွန်တော်တို့က ဒီရက်ပိုင်းအတွင်းမှာ YRTA နဲ့ Asia Starmer ရဲ့ ဆွေးနွေးမှုတွေကို စတင်ပါမယ်၊ ဒီနှစ်ရဲ့ကျန်တဲ့လပိုင်းမှာ တပ်ဆင်မှု စမ်းသပ်လည်ပတ်မှုများကို အကောင်အထည်ဖော်သွားပါမယ်"ဟု ဦးလှအောင် က ပြောသည်။
အဆိုပါ ကတ်စနစ်ဖြင့် ယာဉ်စီးခပေးချေမှုကို ယခုနှစ်အတွင်း ဆောင်ရွက်နိုင်ရန်အတွက် ပထမဆုံးအကြိမ်အဖြစ် YBS ယာဉ်အစီးရေ ၁၅၀ဝ ကို စက်များစမ်းသပ် တပ်ဆင်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ထိုသို့ စက်များ စမ်းသပ် တပ်ဆင်နိုင်ရန်အတွက် ကုမ္ပဏီလေးခုဖြစ်သည့် YUPT ကုမ္ပဏီမှ ယာဉ်အစီးရေ ၅၀ဝ ၊ YBPC ကုမ္ပဏီမှ ယာဉ်အစီးရေ ၅၀ဝ ကျော်၊ ဗန္ဓုလကုမ္ပဏီမှ ယာဉ်အစီးရေ ၃၀ဝ ကျော်နှင့် ရွှေ တောင်ပိုင်းကုမ္ပဏီမှ ယာဉ်အစီးရေ ၈၀ ကျော်တို့ကို ကနဦး ဆောင်ရွက်ရန် စာရင်းပေးထားပြီးဖြစ်ကြောင်း သိရသည်။
"ဒီကုမ္ပဏီလေးခုမှာ စမ်းသပ်တပ်ဆင်ပြီး လည်ပတ်နိုင်အောင် အရင်ဆုံးဆောင်ရွက်ဖို့ ပြင်ဆင်ပြီး ဖြစ်ပါတယ်၊ ယာဉ်တွေကို နံပါတ်နှင့်တကွထုတ်ပြီးတော့ သက်ဆိုင်ရာကုမ္ပဏီတွေကို အသိပေးပြီး ဖြစ်ပါတယ်၊ ဒါကြောင့် သူတို့ကတိုင်းတာမှုတွေ လုပ်နေပါတယ်၊ စက်တွေ ရောက်လာရင် ချက်ခြင်းတပ်ဆင်နိုင်အောင် ကြိုးစားဆောင်ရွက်နေတယ်"ဟု ဦးလှအောင် က ဆက်ပြောသည်။
လက်ရှိ ကတ်စနစ်ဖြင့် ယာဉ်စီးခပေးချေသည့်လုပ်ငန်း လုပ်ဆောင်ရန်အတွက် တင်ဒါ အောင်မြင်ထားသည့် Asia Starmer Transport Intelligent ကုမ္ပဏီမှ YBSယာဉ် အမျိုးအစား၊ မော်ဒယ်အမျိုးအစားအလိုက် စက်များတပ်ဆင်နိုင်ရန် တိုင်းတာမှုများ လုပ်ဆောင်လျှက်ရှိရာ ယာဉ်လိုင်း အားလုံးနီးပါး တိုင်းတာမှုများ ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
"ဒီစက်တွေကို တပ်ပြီးရင် ဆက်သွယ်မှုလုပ်တဲ့အခါမှာ တိုင်တွေထောင်ရတာရှိမယ်၊ ကြိုးတွေ သွယ်တန်းရတာ ရှိမယ်၊ အဲ့ဒါတွေကို သက်ဆိုင်ရာကုမ္ပဏီပိုင်းကလည်း ကားအမျိုးအစားအလိုက် အားလုံးကို တစ်စီးချင်းလိုက်တိုင်းတာတယ်၊ အဲဒီကားတွေအားလုံးကို တိုင်းပြီးတော့မှ ဒီစက်နဲ့တပ်ဆင်မယ့်နေရာအရောက် ကြိုးကို တစ်ခါတည်း ပါကင်နဲ့ တည်ဆောက်မှာ၊ ဒါကြောင့် ယာဉ်တွေလိုက်တိုင်းတယ်၊ အမျိုးအစားလိုက်စစ်တယ်၊ ပြီးရင် အော်ဒါမှာတယ်၊ အခု ဒီစက်တွေကိုမှာပြီးပါပြီ၊ ရောက်ပြီလို့ ကုမ္ပဏီကနေသိရပါတယ်၊ ရက်ပိုင်းအတွင်းမှာ ကျွန်တော်တို့နဲ့ ဆွေးနွေးရင်တော့ Up to date သိရမယ်"ဟု ဦးလှအောင် က ဆိုသည်။
လက်ရှိ အစိုးရလက်ထက်တွင် မထသ စနစ်ကို ရပ်ဆဲပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၆ ရက်မှစ၍ YBS စနစ်ကို ပြောင်းလဲခဲ့ကာ လက်ရှိအချိန်တွင် လမ်းကြောင်းပေါင်း ၁၃၃ လမ်းကြောင်းမှ ယာဉ်လိုင်းနံပါတ်ဖြင့် ယာဉ်လိုင်းပေါင်း ၁၀ဝ ရှိသည့်အပြင် Airport Shuttle Bus တို့လည်းရှိကာ တစ်နေ့လျှင် စုစုပေါင်း ယာဉ်အစီးရေ ၄၆၀ဝ ခန့် ပြေးဆွဲနေပြီး ခရီးသွားပြည်သူ ၁ ဒသမ ၈ သန်းကို သယ်ယူပို့ဆောင်ပေးနေကြောင်း သိရသည်။
Nyein Nyein


