ရန်ကုန် ၁၃ ဒီဇင်ဘာ
YBS ယာဉ်များတွင် Telematics စနစ်ဖြင့် စည်းကမ်းထိန်းသိမ်းရန်အတွက် တပ်ဆင်ထားသည့် စက်ပစ္စည်းများကို နည်းမျိုးစုံဖြင့် ဖျက်ဆီးမှုများရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မန်နေဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော်က ပြောသည်။
YBS ယာဉ်များ စည်းကမ်းထိန်းသိမ်းရန်အတွက် တပ်ဆင်ထားသည့် အဆိုပါစက်ပစ္စည်းများကို မတော်တဆ ပျက်စီးခြင်းမဟုတ်ဘဲ တမင်ရည်ရွယ်ကာ နည်းမျိုးစုံဖြင့် ဖျက်ဆီးခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
"စက်တွေကို ဖျက်ဆီးတာ ဘာ့ကြောင့်လဲဆိုတော့ သူတို့ကို အဓိက က ဒီဟာတွေနဲ့ သွားလို့ရှိရင် အရှိန်လွန် မောင်းရင်လည်း ကျွန်တော်တို့က တားတယ်၊ ပြီးရင် အရေးယူ ဆောင်ရွက်မှုတွေ ရှိတယ်၊ မရပ်ရမယ့်နေရာမှာ ရပ်နေတာတို့ မှတ်တိုင်မှာ အကြာကြီး ရပ်နေတဲ့ အခြေအနေတွေကို ကျွန်တော်တို့ Live သိနေတယ်၊ Live သိနေပြီးတော့ ဒါတွေကို ဒီပေါ်ကနေ ကြည့်ပြီးတော့ ကားတွေကို အရေးယူတယ်၊ စည်းကမ်းထိန်းသိမ်းရေးကနေ ခေါ်ယူသတိပေးတဲ့ အခြေအနေတွေရှိတယ်၊ အဲဒါတွေ အကုန်လုံးကို မသိစေချင်လို့ သူတို့က ဖျက်တာပေါ့၊ သူတို့ကို ဖမ်းမှာကြောက်လို့ ဖျက်တာ၊ စည်းကမ်းတကျ မနေချင်လို့ ဖျက်တာ၊ စည်းကမ်းတကျ နေတဲ့သူက မဖျက်ဘူး၊ စည်းကမ်းတကျ မနေချင်ဘူး၊ မဟုတ်တာ လုပ်တဲ့သူကတော့ စည်းကမ်းထိန်းသိမ်းနေတဲ့ ကိစ္စကို ဖျက်ဆီးတယ်ဆိုတဲ့ သဘောပါပဲ"ဟု ဦးအောင်ညီညီမော်က ပြောသည်။
ထိုသို့ စက်ပစ္စည်းများကို နည်းမျိုးစုံဖြင့် ဖျက်ဆီးပြီး နယ်ကျော်ပြေးဆွဲခြင်း အပါအဝင် မသမာမှုများ ပြုလုပ်သောကြောင့် သတိပေးခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ဖျက်ဆီးခံရသည့် စက်များကိုလည်း ရှင်စောပုကွင်းတွင် ပြန်လည်တပ်ဆင်ပေးပြီး ပျက်စီးမှုပေါ်မူတည်၍ ဒဏ်ကြေးငွေများ ပေးဆောင်စေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)ထံမှ သိရသည်။
"စက်ပစ္စည်းတွေ YRTA အနေနဲ့ ဘတ်စ်ကားတွေ အကုန်လုံးကို Control လုပ်ဖို့ Telematics စနစ်နဲ့ စည်းကမ်းတွေ ထိန်းသိမ်းဖို့အတွက် ကုမ္ပဏီတွေ အကုန်လုံးကို အခမဲ့ တပ်ပေးထားခြင်းဖြစ်ပါတယ်၊ ဒီတော့ ကျွန်တော်တို့ ကြည့်လိုက်လို့ စစ်ဆေးတယ်ဆိုတဲ့နေရာမှာ ဒီစက်က ပြန်ပြီး အသုံးပြုလို့ရသေးတယ်၊ ဖျက်တယ်ဆိုပေမယ့် ပြန်ပြီးအသုံးပြုလို့ရရင် ကျွန်တော်တို့က ပြန်ပြီး ပြင်ပေးလိုက်တယ်၊ သတိပေးလိုက်တယ်၊ သူ့ကို လက်မှတ်ထိုးခိုင်းလိုက်တယ်၊ ဒီအဆင့်။ ဒါပေမယ့် စက်ကို လုံးဝ သုံးလို့မရတော့အောင် ဖျက်ဆီးလိုက်တယ်၊ စက်လည်း ပျက်စီးသွားတယ်ဆိုရင်တော့ ဒဏ်ကြေးငွေ နှစ်သိန်းခွဲ ပေးဆောင်စေပါတယ်၊ ဒါဟာ ဒဏ်ကြေးငွေအနေနဲ့ နှစ်သိန်းခွဲ ပေးဆောင်စေတာ ဖြစ်ပါတယ်"ဟု ဦးအောင်ညီညီမော် က ပြောသည်။
ထို့ကြောင့် YBS ယာဉ်ပေါ်တွင် တပ်ဆင်ထားသည့် Telematics စနစ်၊ စက်ပစ္စည်းကို ဖြုတ်ခြင်း၊ ဖျက်ဆီးခြင်းတို့ လုပ်ဆောင်ပါက Control Centre တွင် သတိပေး အချက်ပြကြောင်း၊ သို့ဖြစ်၍ သတိပေး အချက်ပြသည့် YBS ယာဉ်ကို ရှင်စောပုကွင်းတွင် အင်ဂျင်နီယာအဖွဲ့၊ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့နှင့် သက်ဆိုင်ရာ YBS ယာဉ်လိုင်းတာဝန်ခံတို့မှ စက်ပစ္စည်းများကို စစ်ဆေးပြီး ပျက်စီးစေသည့် အကြောင်းရင်းကို မှတ်တမ်းတင်ထားကြောင်း သိရသည်။
ထိုသို့ ရှင်စောပုကွင်းတွင် စက်များ ပြန်လည်စစ်ဆေးရန် သက်ဆိုင်ရာ YBS ယာဉ်များကို ခေါ်ယူ စစ်ဆေးလျက်ရှိရာ နေ့စဉ် ၁၀ စီးမှ အစီး ၂၀ ခန့် ရှိကြောင်း ဦးအောင်ညီညီမော်က ဆက်ပြောသည်။
သို့ဖြစ်၍ YBS ယာဉ်များတွင် Telematics စနစ်ဖြင့် စည်းကမ်းထိန်းသိမ်းရန် တပ်ဆင်ထားသည့် စက် ပစ္စည်းများ နည်းမျိုးစုံဖြင့် ဖျက်ဆီးမှုများ ရှိနေသည့်အပေါ် မည်သို့ဆောင်ရွက်သင့်သည်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)ထံမှ သိရသည်။
"အဓိက ဘယ်လိုပိုကောင်းအောင်လုပ်မလဲ၊ နည်းပညာအသုံးပြုဖို့ ပေးထားတာကို အလွဲမသုံးဖို့၊ နည်းပညာနဲ့ စည်းကမ်းကြပ်မတ်တယ်ဆိုတာ စနစ်တကျ ပိုဖြစ်လာအောင်၊ ဒါတွေကို ပိုမိုတိုးတက်အောင် ဘယ်လိုဆောင်ရွက်မလဲ၊ ကုမ္ပဏီတွေ အနေနဲ့ကရော ဘယ်လိုလုပ်မလဲဆိုတာ ကုမ္ပဏီတွေကိုလည်း ပြန်ပြီးတော့ ဆောင်ရွက်ခိုင်းဖို့အခြေအနေရှိတယ်၊ ဘာ့ကြောင့် ဒီနည်းပညာတွေကို အသုံးမပြုဘဲနဲ့ ဘာ့ကြောင့် ဒီလိုတွေ လုပ်နေသလဲ ကုမ္ပဏီတွေကို ပြန်မေးရမယ့် အခြေအနေတွေ ရှိတယ်"ဟု ဦးအောင်ညီညီမော်က ပြောသည်။
ငြိမ်းငြိမ်း