မန္တလေး ၁၅ ဖေဖော်ဝါရီ
ယစ်မျိုးခွန်နှုန်းထားများ တိုးမြှင့်ကောက်ခံနိုင်မည့် မန္တလေးတိုင်းဒေသကြီး ယစ်မျိုးခွန်ကောက်ခံရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)ကို ယနေ့ကျင်းပပြုလုပ်သည့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် တင်သွင်းခဲ့သည်။
ယနေ့ ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ်မန္တလေးတိုင်းဒေသကြီး လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် တင်သွင်းခဲ့ခြင်း ဖြစ်သည် ။ ယစ်မျိုးခွန်ကောက်ခံရေးဥပဒေ ပုဒ်မ ၄ ၊ ပုဒ်မ ၅ ၊ ပုဒ်မ ၆ ၊ ပုဒ်မ ၇ တို့ကိုပြင်ဆင်ရန် လိုအပ်ကြောင်း လွှတ်တော်တွင် တင်သွင်းခဲ့ကြောင်း သိရသည်။
"ယစ်မျိုးခွန်နှုန်းထားများအား ယစ်မျိုး မူဝါဒနဲ့ အညီ တိုးမြှင့်ကောက်ခံနိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီး ယစ်မျိုးခွန်ကောက်ခံရေး ဥပဒေပြဌာန်းနိုင်ရန် ရည်ရွယ်ပါသည်'' ဟု မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း ကပြောသည်။
၂၀ဝ၄ ခုနှစ် တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယစ်မျိုးခွန်ရရှိငွေ ၅ ဘိလီယံ လျာထားပြီး မန္တလေးတိုင်း မှ ယစ်မျိုးခွန် တစ်ဘီလီယံ ကျပ် ရရှိကြောင်း သိရသည်။ ယစ်မျိုးခွန် နှုန်းထားများကို ၂၀ဝ၄ ခုနှစ်တွင် ပြင်ဆင်သတ်မှတ်ခဲ့ပြီး ထပ်မံတိုးမြှင့်ကောက်ခံနိုင်ရန် ယစ်မျိုးခွန် ကောက်ခံရေး ဥပဒေ ၂၀၁၂ ကို အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်မှ စတင်ပြီး ယစ်မျိုး ခွန်များအား တိုးမြှင့်ကောက်ခံခဲ့ရာ နှစ်ဘီလီယံ ကောက်ခံရရှိကြောင်း သိရသည်။ ယစ်မျိုးလိုင်စင်များမှာ အခွန်ငွေနည်းသည့် လိုင်စင်အမျိုးအစားများမှ အခွန်ငွေများပြားသည့် လိုင်စင်အမျိုးအစားသို့ ပြောင်းလဲ ဆောင်ရွက်မှုကြောင့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် တွင် ယစ်မျိုးလိုင်စင်အရေအတွက် ၅၈၈၉ ခုမှ အခွန်ငွေ ၄ ဒသမ ၇ ဘီလီယံ အထိ ကောက်ခံရရှိမည်ဖြစ်ကြောင်း သိရသည်။
"ယစ်မျိုးလိုင်စင်နှုန်းထားများအနေဖြင့် လွန်ခဲ့သော ၆ နှစ်က အတည်ပြုထားသည့် နှုန်းထားများဖြစ်သဖြင့် ယနေ့အချိန်တွင် အဆိုပာနှုန်းထားများမှာ နည်းပါးနေပါတယ်'' ဟု မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း ကပြောသည်။
မန္တလေးတိုင်းအတွင်း ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် တွင် ယစ်မျိုးလိုင်စင် အမျိုးအစား ၂၃ မျိုးနှင့် အရေအတွက်မှာ ၅၈၈၉ ဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် ယစ်မျိုးခွန် ၇ ဒသမ ၉ ဘီလီယံ ရရှိရန် လျာထားသဖြင့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်ထက် ၃ ဒသမ ၂ ဘီလီယံ တိုးမြင့် ရရှိမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။
အခွန်နှုန်းထား တိုးမြှင့်မည် လိုင်စင်အမျိုးအစားများမှာ B-1 လိုင်စင် ၄ ခု ၊ CFL-2A လိုင်စင် ၁၄၁ ခု ၊ CS-2A လိုင်စင် ၂၆၆၁ ခု ၊ D-1 လိုင်စင် ၇ ခု ၊ D-1A လိုင်စင် ၄၈ ခု ၊ D-2 လိုင်စင် ၅ ခု ၊ FL-4 လိုင်စင် ၂ ခု ၊ FL-5 လိုင်စင် တစ်ခု ၊ FL-6 လိုင်စင် ၅၈ ခု ၊ FL-8 လိုင်စင် ၂၆ ခု ၊ FL-9 လိုင်စင် ၁၁၃၅ ခု ၊ FL-12လိုင်စင် ၈၁၀ ခု ၊ FL-17 လိုင်စင် ၈၂၈ ခုတို့ကို အခွန်နှုန်းထားတိုးမြှင့်ခြင်း ၊ FL - 15 လိုင်စင် ၂ ခုကို မြို့နယ်ခွဲခြား၍ အခွန်နှုန်းထား သတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။
အိမို့မို့ခိုင်