ဆိပ်ဖြူ   ၂၈  ဇန်နဝါရီ

 

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်ရှိ ဆိပ်ဖြူ-ပခုက္ကူ ကားလမ်း ယောချောင်းတံတား(ကံတွင်း) တံတားသစ်ကို ၂၀၁၉ ခုနှစ် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

996666

 

အဆိုပါ ယောချောင်းတံတား(ကံတွင်း) တံတားသစ်သည် ဆိပ်ဖြူမြို့နယ် အရှေ့ကံတွင်းကျေးရွာတွင် တည်ရှိပြီး  ယခင်က ဒေသခံပြည်သူအများနှင့် ခရီးသွားပြည်သူအများက တံတားတစ်စင်းကို အသုံးပြု၍ သွားလာမှုရှိခဲ့ သော်လည်း ၂၀၁၀ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်တို့တွင် တိုက်ခတ်ခဲ့သည့် အိုတူးဘီမုန်တိုင်းနှင့် ဂီရိမုန်တိုင်းဒဏ်ကြောင့် ရေကြီးရေလျှံမှုဖြစ်ကာ ယခင်တံတားမှာ ပျက်စီးသွားခဲ့ပြီး ဒေသခံပြည်သူအများနှင့် ခရီသွားပြည်သူများ လမ်း အခက်အခဲ ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။

 

ယခုအခါ ယောချောင်းတံတား(ကံတွင်း) တံတားသစ်ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် နိုင်ငံတော် ခွင့်ပြုရန်ပုံငွေဖြင့်  တည်ဆောက်ခွင့်ပြုခဲ့ပြီး တံတားအရှည် ပေ ၉၀ဝ၊ တံတားအကျယ် ပေ ၃၀၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ(နှစ်လမ်းမောင်း)၊ လူသွားလမ်းတစ်ဘက်လျှင် ၃ ပေရှိ နှစ်လမ်းပါရှိပြီး ခွင့်ပြုတန်ချိန် ကုန်+ယာဉ် တန် ၆၀ ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ယောချောင်းတံတား(ကံတွင်း) တံတားသစ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၂)၊ တံတားအထူးအဖွဲ့(၅) ဆိပ်ဖြူမှ တာဝန်ယူတည်ဆောက်လျက်ရှိပြီး လက်ရှိအချိန်တွင် တံတားတိုင်အမှတ်(A-1) မှ (P -4)အထိ  ယက်မတင်ပြီး (A-1) မှ (P -2)အထိ တံတားကြမ်းခင်းလောင်းခြင်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကာ ဒေသခံပြည်သူအများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ အဆင်ပြေ ချောမွေ့စေရေးအတွက် သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစွာ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးနိုင်ရေး၊ လုပ်ငန်းခွင် အန္တရယ်ကင်းရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

စိုးလင်းနိုင်(ပြန်/ဆက်)