နေပြည်တော်  ၁၆  အောက်တိုဘာ

 

ပြည်ပနိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ ပြည်ဝင်ဗီဇာတစ်မျိုးမျိုးဖြင့် ဝင်ရောက်ခဲ့ပြီး ရက်ပေါင်း (၉၀)ထက် ကျော်လွန်နေထိုင်သူများသည် ၁၉၄၈ ခုနှစ်၊ နိုင်ငံခြားသားများ မှတ်ပုံတင်ရေးနည်း ဥပဒေ အပိုဒ် ၆ (၁)(ခ)(ဂ) တို့အရ YGN သင်္ကတေဖြင့် ထုတ်ပေးသည့် နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ် ကို ကိုင်ဆောင် ကြရသည်။ အဆိုပါ YGN သင်္ကတေပါ နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ်သည် နှစ်စဉ် နိုဝင်ဘာ (၃၀) ရက်တွင်  သက်တမ်းကုန်ဆုံးပြီး ၁၉၄၈ ခုနှစ်၊ နိုင်ငံခြားသားများ မှတ်ပုံတင် ရေးနည်းဥပဒေ အပိုဒ် ၇(၂)(ခ)အရ သက်တမ်းကုန်ဆုံးသည့်နေ့မှ ရက်ပေါင်း (၃၀)အတွင်း နိုင်ငံခြားသား မှတ်ပုံတင်လက်မှတ်လဲလှယ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရမည်ဖြစ်သည်။

 

ယင်းသို့ဆောင်ရွက်ရာတွင် နှစ်စဉ် ဒီဇင်ဘာ (၁)ရက်မှ (၃၀)ရက်အတွင်း သတ်မှတ်အခငွေ အမေရိကန်ဒေါ်လာ (၉)ဒေါ်လာပေးသွင်း၍ နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ် လဲလှယ်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိရာ သတ်မှတ်ကာလကုန်ဆုံးပြီး ဇန်နဝါရီလအတွင်း လာရောက်လဲလှယ်ပါက နိုင်ငံခြားသားများမှတ်ပုံတင်ရေးနည်းဥပဒေ အပိုဒ် ၁၇ (၃)အရ ကျသင့်အခငွေ၏ (၂)ဆဖြစ်သည့် အမေရိကန်ဒေါ်လာ (၁၈)ဒေါ်လာ ပေးသွင်းရမည်ဖြစ်သည်။

 

ယခုအခါ ကမ္ဘာတစ်ဝန်း၌ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေချိန်ဖြစ်သဖြင့် မြန်မာနိုင်ငံတွင်း ရောက်ရှိ နေထိုင်ကြသည့် YGN သင်္ကတေဖြင့် နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ်ကိုင်ဆောင်သူများ အဆင်ပြေစေရေး အတွက် ၎င်းတို့၏ နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ် လဲလှယ်ခြင်းလုပ်ငန်းကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၁၆)ရက်မှစတင်၍ (ရုံးပိတ်ရက် များမပါ) ကြိုတင်ဆောင်ရွက်ပေးမည် ဖြစ်ပြီး ယင်းလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်း လမ်းရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ နေခွင့်/ ပြည်ပြန်ဝင်ခွင့် ဌာနစိတ်တွင် ဆက်သွယ်ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)