ယီမင် ၏ ဟူသီသူပုန်များ ဆော်ဒီလေဆိပ်ကို ထပ်မံတိုက်ခိုက်မှုပြုလုပ်

၂၄ ဇွန် 

 


ယီမင်သူပုန်များသည် ဆော်ဒီအာရေဗျအနီး အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ထပ်မံတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြသည်။

 


ယင်းနိုင်ငံ၏ အနောက်တောင်ဘက်ရှိ အက်ဘ်ဟာ လေဆိပ်ကို ယမန်နေ့ညနေပိုင်းက တိုက်ခိုက်ခဲ့ကြကြောင်းနှင့် တစ်ဦးသေဆုံးပြီး ခုနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဆော်ဒီနိုင်ငံပိုင် သတင်းအေဂျင်စီက ဆိုသည်။

 


ယီမင်ပြည်တွင်းစစ်တွင် ဆော်ဒီအာရေဗျစစ်တပ် ဝင်ရောက်စွက်ဖက်မှုကြောင့် လက်တုံ့ပြန်သည့်အနေဖြင့် ဒရုန်းယာဉ်ဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဟူသီသူပုန်များက ဒေသန္တရမီဒီယာကို ပြောကြားခဲ့သည်။   

 


ဆော်ဒီအာရေဗျ အခြေခံအဆောက်အအုံများပေါ်သို့ ဒရုန်းနှင့် ဒုုံးကျည်တို့ဖြင့် စတင်တိုက်ခိုက်ခဲ့ကြသည်ဟု ဟူသီ တို့က ထပ်တလဲလဲပြောဆိုသည်။ ဇွန် ၁၂ ရက်နေ့က အက်ဘ်ဟာလေဆိပ်ကို တိုက်ခိုက်ခဲ့သဖြင့်  လူ ၂၆ ဦး ဒဏ်ရာရရှိခဲ့သည်။

 


အမေရိကန်နိုင်ငံနှင့် အီရန်နိုင်ငံ၏ စစ်ရေးတင်းမာမှုများ ယခုကြီးထွားလာသည့်အချိန်တွင် အီရန်ကိုထောက်ခံသည့် ဟူသီသူပုန်များ၏လုပ်ရပ်သည်  အီရန်နှင့် ဆော်ဒီအာရေဗျအကြား တင်းမာမှုများ မြင့်တက်ဖွယ်ရှိသည်ဟု  သိရသည်။

 


ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို