၂၈ သြဂုတ်

ယီမင်နိုင်ငံ မြောက်ပိုင်း ဆာဒါ ပြည်နယ်တွင် ယမန်နေ့က ဟူသီသူပုန်များ  စတင်ပစ်ခတ်ခဲ့သည့် တိုက်ပွဲကြီးဖြစ်ပွားနေစဉ်အတွင်း ဆော်ဒီ ကျောထောက်နောက်ခံ ယီမင်အစိုးရ တပ်ဖွဲ့များမှ စစ်သား ၂၅ ဦး ခန့်သေဆုံးခဲ့ကြောင်း စစ်ဘက်တာဝန်ရှိသူတစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။

အဆိုပါတိုက်ခိုက်မှုတွင် စစ်သား ၂၅ ဦး သေဆုံးခဲ့ပြီး အခြားသူများ ဒဏ်ရာရရှိခဲ့ကာ ဟူသီသူပုန်များက စစ်သားများကို ဖမ်းဆီးထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကာတက်ဖ်ဒေသအနီး ဟူသီ သူပုန်များနှင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနေစဉ်အတွင်း အစိုးရ တပ်ဖွဲ့များက စစ်ဘက်ဆိုင်ရာ လက်နက်များထောက်ပံ့ရန် စစ်ကူအများအပြား ပေးပို့စေလွှတ်ခဲ့ကြောင်း ဆာဒါ အုပ်ချုပ်ရေးမှူး ဟာဒီ တာရှန် က ပြောကြားခဲ့သည်။

ဆာဒါဒေသသည် အီရန်ကျောထောက်နောက်ခံ ဟူသီ သူပုန်အုပ်စု၏ အဓိက ခံတပ်ဟု ယူဆရပြီး ထိုပြည်နယ်၏ နေရာအတော်များများသည် ဆော်ဒီအာရေဗျ  နယ်နိမိတ်အနီးတွင် ရှိသည်။

ကိုးကား - ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို