ကူဝိတ် ၈ ဧပြီ

 

ယီမင်နိုင်ငံတောင်ပိုင်း ဒေးလ်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်းက တိုက်ပွဲများအပြင်း အထန်ဖြစ်ပွားခဲ့ပြီး အစိုးရတပ်ဖွဲ့က ဟူသီလက်နက်ကိုင်အဖွဲ့ဝင် ၈၀ ထက်မနည်းကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

 

ဒေးလ်ပြည်နယ်မြောက်ပိုင်းရှိ အစိုးရစစ်စခန်းကို ဟူသီလက်နက်ကိုင်အဖွဲ့က ဧပြီ ၅ ရက် မှ စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

တိုက်ပွဲဖြစ်ပွားရာ ပြည်နယ်ရှိ ဒေသခံများ၏ ပြောပြချက်အရ အစိုးရတပ်ဖွဲ့ဝင်များဘက်မှ ကျဆုံးမှုနှင့် ဒဏ်ရာရမှုများရှိပြီး ဟူသီလက်နက်ကိုင်အဖွဲ့မှ သတင်းထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။ ဒေးလ်ပြည်နယ်သည် ယီမင်တောင်ပိုင်းတွင် တည်ရှိပြီး စစ်ရေးအရ မဟာဗျူဟာကျသည့် အချက်အချာနေရာတစ်ခုဖြစ်သည်။

 

ပြည်နယ်မြောက်ပိုင်း တောင်တန်းဒေသအချို့ကို ဟူသီလက်နက်ကိုင်အဖွဲ့က ထိန်းချုပ်ထားသည်။ ဒေးလ်ပြည်နယ်မြောက်ပိုင်းနှင့် အနောက်ပိုင်းဒေသများတွင် အစိုးရတပ်ဖွဲ့နှင့် ဟူသီသူပုန်အဖွဲ့တို့အကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့သည်။

 

ယီမင်ရှိ ဟူသီလက်နက်ကိုင်သူပုန်အဖွဲ့သည် ယီမင်နိုင်ငံမြို့တော်ကို ၂၀ဝ၄ ခုနှစ်တွင် သိမ်းပိုက်ခဲ့ပြီးနောက် ယီမင်နိုင်ငံတောင်ပိုင်းဒေသကိုပါ သိမ်းပိုက်ခဲ့ရာ ယီမင်သမ္မတ အဗ္ဗဒူရာ ဘူလ်မန်ဆောဟာဒီမှာ ဆော်ဒီအာရေဗျနိုင်ငံဆီသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။၂၀၁၅ ခုနှစ် မတ်လတွင် ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့က ဟူသီသူပုန်အဖွဲ့အား ထိုးစစ်ဆင် တိုက်ခိုက်မှုစတင်ခဲ့သည်။

 

စိုးရနှင့်ဟူသီသူပုန်တို့အကြား ၂၀၁၈ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေးနှင့် အကျဉ်းသား များလဲလှယ်ရေးတို့တွင် အပြန်အလှန်သဘောတူညီမှုများ ရရှိခဲ့သော်လည်း သဘောတူညီမှုများကို ချိုးဖောက်သည်ဟု အငြင်းပွားမှုများရှိနေသည်။

 

ဆင်ဟွာ