တီဟီရန် ဇန်နဝါရီ ၆
ယီမင်နိုင်ငံ မြောက်ပိုင်းတွင် ဆောင်ရွက်သည့် အမေရိကန်ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့များ၏ လေကြောင်းတိုက်ခိုက်မှုများကိုရှုတ်ချကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေး ဗဂါဒီက ဇန်နဝါရီ ၅ ရက်တွင် ပြောကြားသည်။
လက်ရှိအချိန်တွင် အမေရိကန်၊ ဗြိတိန်နှင့် အစ္စရေးတပ်ဖွဲ့တို့က ယီမင်နိုင်ငံအား ကျူးကျော်တိုက်ခိုက်နေခြင်းသည် ယီမင်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုတို့ကို လေးစားခြင်းမရှိဘဲ ဆောင်ရွက်နေခြင်းဖြစ်ပြီး နိုင်ငံတကာဥပဒေနှင့် ကုလသမဂ္ဂပဋိညာဉ်ပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်နေခြင်းဖြစ်ကြောင်းနှင့် ယင်းကဲ့သို့သောဆောင်ရွက်ချက်များကြောင့် ဒေသတွင်း မတည်ငြိမ်မှုများဖြစ်လာနေရကြောင်း ၎င်းကထပ်လောင်းပြောကြားသည်။
ယီမင်နိုင်ငံမြောက်ပိုင်း ဆာဒါဒေသသို့ ဇန်နဝါရီ ၅ ရက်တွင် အမေရိကန် ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့များက လေကြောင်းတိုက်ခိုက်ခဲ့ရာ ၎င်းတိုက်ခိုက်မှုအတွင်း ဟူသီစစ်သွေးကြွ အဖွဲ့၏ ပစ်မှတ်များကို ထိမှန်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ပါကစ္စတန်နိုင်ငံအနောက် တောင်ပိုင်း ဘလူချီစတန်ပြည်နယ်တွင် ဘလူချီစတန်လွတ်မြောက်ရေးတပ်ဖွဲ့က ခရီးသွားယာဉ်တန်းတစ်ခုကို ဇန်နဝါရီ ၄ ရက်က တိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့သော အကြမ်းဖက်မှုများကို တိုက်ဖျက်ရမည်ဟု ဗဂါဒီက ထပ်လောင်းပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန်-စိုးသူရ