ယီမင်နိုင်ငံ၌ ဂျွန်ဆင် အင်န် ဂျွန်ဆင် ကိုဗစ် - ၁၉ ကာကွယ်ဆေး ပထမအသုတ် လက်ခံရရှိ

အေဒင် သြဂုတ် ၃၁

 

ယီမင်နိုင်ငံ၌ ဂျွန်ဆင် အင်န် ဂျွန်ဆင် ကိုဗစ်- ၁၉ ကာကွယ်ဆေး ပထမအသုတ်ကို ဩဂုတ်၂၉ ရက်တွင် လက်ခံရရှိခဲ့သည်ဟု ယီမင်အစိုးရကပြောသည်။

 

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဂျွန်ဆင် အင်န် ဂျွန်ဆင် ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ ၁၅၁၂၀၀ အေဒင်လေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း၊ ကိုဗက်အစီအစဉ်ဖြင့် အဆိုပါကာကွယ် ဆေးများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မတ်လအတွင်းကလည်း စစ်ပွဲဒဏ်ခံ ယီမင်နိုင်ငံသို့ အက်စ်ထရာဇနီကာ ကိုဗစ်-၁၉ ကာကွယ်ဆေး ၃၆၀၀၀၀ နှင့် ကာကွယ်ဆေးထည့်ရန် သေတ္တာအလုံး ၁၃၀၀၀ ရောက်ရှိခဲ့ပြီး ကျန်းမာရေး လုပ်သားများကို အကာအကွယ်ပေးရန် ကိုဗက်အစီအစဉ်မှတစ်ဆင့် ရရှိခဲ့ခြင်းဖြစ်သည်။ ယခုလအစောပိုင်းကလည်း အပြည်ပြည်ဆိုင်ရာက အသိအမှတ်ပြုထားသော ယီမင်အစိုးရသည် ၎င်းတို့ ထိန်းချုပ်ထားရာဒေသအတွင်း ကိုဗစ်-၁၉ နေ့စဉ်ကူးစက်မှုများ များပြားလာသည်ဟု ဖော်ပြခဲ့သည်။ ယခုအချိန်အထိ ယီမင် နိုင်ငံတွင် ကိုဗစ်- ၁၉ ကာကွယ်ဆေးအလုံးရေ ၃၁၀၀၀၀ ကို ထိုးနှံပေးခဲ့သည်။ ရာခိုင်နှုန်းအားဖြင့် တွက်ချက်ကြည့်လျှင် လူဦးရေ၏ တစ်ရာခိုင်နှုန်းကိုသာ တစ်ကြိမ်ကာကွယ်ဆေး ထိုးပေးရသေးသည်။ ယီမင်နိုင်ငံ လူဦးရေထက်ဝက်ကျော်မှာ အစားအသောက် ဖူလုံစွာရရှိခြင်းမရှိသည့် ပြဿနာနှင့် ရင်ဆိုင်နေရပြီး ယီမင်နိုင်ငံ၏ ငွေကြေးတန်ဖိုး ထိုးကျလာခြင်းနှင့်အတူ နိုင်ငံသားများမှာလည်း ပို၍ပို၍ ဆင်းရဲတွင်းထဲသို့ ကျရောက်လာသည်။

 

ဆင်ဟွာ