ဆာနား၊ ဇန်နဝါရီ ၁၆
အမေရိကန် ရေတပ်တိုက်ခိုက်ရေး သင်္ဘောရှိရာသို့ ယီမင်နိုင်ငံရှိ ဟူသီအဖွဲ့က ပစ်လွှတ်လိုက်သော သင်္ဘာဖျက်ခရုဇ်ဒုံးကျည် တစ်စင်းကို အမေရိကန် ရေတပ်က ပစ်ချနိုင်ခဲ့ကြောင်း ဇန်နဝါရီ ၁၅ ရက် နံနက်အစောပိုင်းက ထုတ်ပြန်ချက်တွင် အမေရိကန် ဗဟိုဌာနချုပ်က ပြောသည်။
ဇန်နဝါရီ ၁၄ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့် က ပင်လယ်နီတောင်ပိုင်းတွင် လှုပ်ရှားဆောင်ရွက်နေသော အမေရိကန်ရေတပ်ဖျက်သင်္ဘောရှိရာသို့ ပစ်လွှတ်လိုက်သော ဒုံးကျည်ကို အမေရိကန်တိုက်လေယာဉ်က ဟိုဒိုင်ဒါ ကမ်းရိုးတန်းအနီးတွင် ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ဗဟိုဌာနချုပ်က ပြောသည်။
ဇန်နဝါရီ ၁၄ ရက် တစ်ချိန်တည်းတွင် အမေရိကန်-ဗြိတိန်ရေကြောင်း မဟာမိတ်အဖွဲ့၏ စစ်လေယာဉ် တစ်စင်းက ဟိုဒိုင်ဒါဆိပ်ကမ်းမြို့ မြောက်ပိုင်းရှိ အဖွဲ့စခန်းတစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း ဟူသီအဖွဲ့က ပြောသည်။ သို့သော်လည်း အမေရိကန်တာဝန်ရှိသူများက အဆိုပါ စွပ်စွဲချက်ကို ငြင်းဆိုထားသည်။
အောက်တိုဘာ ၇ ရက်တွင် အစ္စရေး-ဟားမားစ် တို့အကြား ပဋိပက္ခ စတင်ဖြစ်ပွားမှုနောက်ပိုင်း ပင်လယ်နီတွင် ၎င်းတို့၏ တိုက်ခိုက်မှုများကို ဟူသီအဖွဲ့က အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။ တိုက်ခိုက်မှုများသည် ပဋိပက္ခ အဆုံးသတ်ရေးအတွက် အစ္စရေးကို ဖိအားပေးရန်အလို့ငှာ အစ္စရေးနှင့် ဆက်နွှယ်မှုရှိသော စီးပွားရေးလုပ်ငန်းသုံး သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။
ဆင်ဟွာ